အင်္ဂါ၊ ဧပြီလ ၁၆ရက်၊ ၂၀၂၄

ဘင်္ဂလားပင်လယ်အော်တွင်ဖြစ်နေသည့်မုန်တိုင်းကြောင့် ရခိုင်ကမ်းရိုးတန်းဒေသရှိ ငါးဖမ်းစက်လှေများ ငါးဖမ်းမထွက်နိုင်


  • ရေးသူ: Web Master
  • | ရက်စွဲ: ၁၄ စက်တင်ဘာ ၂၀၂၁
  • | ကြည့်ရှုသူ: 10.2k


သဥ္ဇာနွယ်
နိရဥ္ဇရာ၊ စက်တင်ဘာ ၁၃/ ၂၀၂၁
ဘင်္ဂလားပင်လယ်အော်တွင်ဖြစ်ပေါ်နေသည့် မုန်တိုင်းငယ်(Depression)ကြောင့် ရခိုင်ကမ်းရိုးတန်းဒေသရှိ ငါးဖမ်းစက်လှေများမထွက်နိုင်ဘဲ ရပ်နားထားကြောင်း သတင်းရရှိသည်။
အဆိုပါမုန်တိုင်းငယ်သည် ရခိုင်ပြည်နယ် စစ်တွေမြို့၏ အနောက်ဘက် ရေမိုင် (၃၃၀)မိုင်ခန့်တွင် ပင်လယ်ပြင်ကိုဗဟိုပြုနေပြီး ဘင်္ဂလားပင်လယ်အော် အနောက်မြောက်ပိုင်းနှင့် ယင်းနှင့်ဆက်စပ်လျက်ရှိသော ဘင်္ဂလားပင်လယ်အနောက်အလယ်ပိုင်းတို့တွင် ဖြစ်ပေါ်နေခြင်းဖြစ်သည်ဟု မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက ယနေ့နံနက်တွင် ထုတ်ပြန်ထားသည်။
“ငါးဖမ်းစက်လှေတွေကို ရာသီဥတုအခြေအနေကြောင့် စက်တင်ဘာလ ၉ ရက်နေ့ကတည်းက မထွက်ဘဲ ရပ်နားထားရတယ်။ မုန်တိုင်းရှိတယ်လို့ပြောသံကြားလို့။”ဟု ငါးဖမ်းစက်လှေပိုင်ရှင် ကိုစိုးမိုးသူက နိရဥ္စရာ သတင်းဌာနသို့ ပြောသည်။
ယင်းမုန်တိုင်းငယ်ရှိသည့်အတွက် ရခိုင်ကမ်းရိုးတန်းဒေသတွင်ပြေးဆွဲနေကြသည့် ရေယာဉ်လိုင်းများနှင့် ငါးဖမ်းစက်လှေများ မထွက်ကြရန် စက်တင်ဘာ ၁၁ ရက်တွင် မိုး/ဇလက သတိပေးတားမြစ်ထားခဲ့ကြောင်း သိရသည်။
စစ်တွေမြို့နယ် ကျေးတောရွာမကျေးရွာမှ စက်လှေပိုင်ရှင် ကိုမောင်သန်းယဉ်ကလည်း “ရွာကငါးဖမ်းစက်လှေတွေ တစ်စီးမှ မထွက်ဘူး။ မ်ိုးလေဝသ အခြေအနေတွေကလည်းမကောင်းတော့ အခုချိန်ထိပဲ။”ဟု ပြောသည်။
ရခိုင်ကမ်းရိုးတန်းတစ်လျှောက်ပြေးဆွဲနေကြသည့် ရေယာဉ်လိုင်းများမှာ ကိုဗစ်ကြောင့်ပိတ်ထားရဆဲဖြစ်သည့်အတွက် ပြေးဆွဲနိုင်ခြင်းမရှိသေးဟုလည်း သိရသည်။
လက်ရှိတွင် အဆိုပါမုန်တိုင်းငယ်သည် ပိုမိုအားကောင်းလာကာ အားကောင်းသောမုန်တိုင်းငယ်(Deep Depression)အဖြစ်သို့ ရောက်ရှိခဲ့ပြီး အိန္ဒိယနိုင်ငံ၊ ဩရိဿမြောက်ပိုင်းကမ်းခြေ(ချန်ဘလီ(Chandbali)မြို့ တောင်ဘက်အနီး)မှ ဖြတ်ကျော်ဝင်ရောက်ခဲ့ပြီးဖြစ်သည်ဟု မိုး/ဇလက ယနေ့နံနက် ၁၁ နာရီတွင် ထုတ်ပြန်ထားသည်။
အဆိုပါ အားကောင်းသော မုန်တိုင်းငယ်(Deep Depression)သည် နောက်(၂၄)နာရီအတွင်း ကုန်းတွင်းမုန်တိုင်းငယ်အဖြစ်သို့ အားလျော့သွားမည်ဟုလည်း မိုး/ဇလက ခန့်မှန်းထားသည်။


ဆက်စပ် သတင်းများ