ဗုဒ္ဓဟူး၊ ဧပြီလ ၂၄ရက်၊ ၂၀၂၄

မွေးရာပါစအိုမပါ၍ အူကနေမစင်စွန့်ရသူ ၆လအရွယ်ကလေးငယ်ကို ရန်ကုန်တွင်ခွဲစိတ်ရန် ငွေကြေးအခက်အခဲဖြစ်နေ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၁၆ စက်တင်ဘာ ၂၀၂၁
  • | ကြည့်ရှုသူ: 8k

သဥ္ဇာနွယ်

နိရဥ္စရာ၊ စက်တင်ဘာ ၁၄/ ၂၀၂၁

ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့နယ် သင်းပုန်းတန်းကျေးရွာမှ မွေးရာပါ စအိုမပါ အူကိုအပြင်ကို ထုတ်ကာ မစင်စွန့်နေရသည့် ကလေငယ်တစ်ဦး ရန်ကုန်တွင်သွားရောက်ပြီး ဲစိတ်မှုပြုလုပ်ရန် ငွေကြေးအခက်အခဲ ကျရောက်နေကြောင်း သတင်းရရှိသည်။

၎င်းကလေးငယ်မှာ ပုဏ္ဏားကျွန်းမြို့နယ် သင်းပုန်းတန်းကျေးရွာမှ ဦးထွန်းထွန်းမင်းနှင့်ဒေါ်မတင်ဦးတို့၏ သား အသက် ၆လ အရွယ် မောင်ရဲထက်လင်းဖြစ်ကြောင်း သိရသည်။

 

မိခင်ဖြစ်သူ ဒေါ်မတင်ဦးက ကလေးကမွေးပြီး ၂ ရက်အတွင်း စအိုမပါလာတာကြောင့် ဗိုက်ကို ဖောက်ပြီး မစင်စွန့်လို့ရအောင် ဆရာဝန်ကဖောက်ပေးလိုက်ပါတယ်။ ကျမ အရမ်းဝမ်းနည်းတယ်။ ကျမသားလေးမွေးကတည်းက ဒီလိုဖြစ်နေတာ မိခင်တစ်ယောက်အနေနဲ့ စိတ်ထိခိုက်ရတယ်။ ငွေကြေးကလည်း မတတ်နိုင်တော့။ ဆရာဝန်က ရန်ကုန်မှာခွဲစိတ်မှ အဆင်ပြေမယ်ဆိုတော့ ကျမတို့ရပ်ရွာက အသင်းအဖွဲ့တွေကို အကူညီတောင်းထားပါတယ်။ အခုဆို ကျမသားလေးက အရမ်းချစ်ဖို့ကောင်းလာတယ်ဟု နိရဥ္စရာသတင်းဌာနသို့ ပြောသည်။

ကလေး၏မိဘနှစ်ပါးမှာ ငါးဖမ်း၊ ငါးရှာထွက်၍ တစ်ရက်စာ တစ်ရက်ရှာဖွေ လုပ်ကိုင် စားသောက်နေရသည့်အတွက် ဆေးကုရန် လိုအပ်သည့်ငွေပမာဏကို မတတ်နိုင်ဟုလည်း ပြောသည်။

လက်ရှိတွင် အဆိုပါကလေးငယ်အတွက်လိုအပ်သည့်ငွေကြေးများကို သင်းပုန်းတန်းရွာ ဖွံ့ဖြိုးတိုးတက်ရေး လူငယ်များအသင်းက ဦးဆောင်ကောက်ခံနေကြောင်း သိရသည်။

 

အဆိုပါအသင်းမှ အဖွဲ့ဝင် ကိုဇော်ဝင်းထွန်းက ကျနော်တို့ အသင်းက ကလေးအတွက် အလှူငွေ ကောက်ခံပြီး အဆင်ပြေတာနဲ့ ရန်ကုန်ကို ဆေးခန်းပြဖို့ စီစဉ်ပေးမှာပါ။ တတ်နိုင်သလောက် ကူညီပေးမှာပါ။ ကျနော်တို့ရပ်ရွာကဆိုတော့ အတတ်နိုင်ဆုံး ဝိုင်းဝန်းကူညီဆောင်ရွက် ပေးသွားမှာပါဟု ပြောသည်။

လက်ရှိအချိန်တွင် ကလေးငယ်သည် ကျန်းမာရေးကောင်းမွန်နေသော်လည်း ဝမ်းဗိုက်မှ ဖောက်ထားသည့်အူမှာ အနည်းငယ်ရှည်ထွက်လာသဖြင့် စိုးရိမ်နေရသည်ဟု မိခင်ဖြစ်သူက ပြောသည်။

 

ဓာတ်ပုံ - သင်းပုန်းတန်းရွာဖွံ့ဖြိုးတိုးတက်ရေး လူငယ်များအသင်း

ဆက်စပ် သတင်းများ