သောကြာ၊ မတ်လ ၂၉ရက်၊ ၂၀၂၄

ရခိုင်ရှိစစ်ဘေးရှောင်များနှင့်လက်လုပ်လက်စားများအတွက် နိုင်ငံခြားလူမှုအဖွဲ့အစည်းတစ်ခုက အမေရိကန်ဒေါ်လာ ၅,၅၀၀လှူဒါန်း


  • ရေးသူ: Web Master
  • | ရက်စွဲ: ၁၇ စက်တင်ဘာ ၂၀၂၁
  • | ကြည့်ရှုသူ: 833

အေးမြတ်ခိုင်

နိရဥ္စရာ၊ စက်တင်ဘာ ၁၆/၂၀၂၁

နိုင်ငံခြားမှ လူမှုအဖွဲ့အစည်း တစ်ခုဖြစ်သည့် Light up Myanmar Service Project က ရခိုင်ပြည်နယ်ရှိ စစ်ဘေးရှောင်ပြည်သူများနှင့် အခြေခံလက်လုပ်လက်စားများအတွက် အမေရိကန်ဒေါ်လာ ၅,၅ဝဝကို စက်တင်ဘာလ ၁၅ ရက်တွင် ရန်ကုန်မြို့ရှိ အလိုတော်ပြည့်ကျောင်းတိုက်မှတဆင့် လှူဒါန်းခဲ့ကြောင်း သိရသည်။

အဆိုပါလှူဒါန်းငွေများဖြင့် ရခိုင်ရှိစစ်ဘေးရှောင်များနှင့် လက်လုပ်လက်စားများအတွက် ဆေးဝါးနှင့် အခြေခံစားနပ်ရိက္ခာများ ထောက်ပံ့ပေးသွားမည်ဟုလည်း အလိုတော်ပြည့်ကျောင်းတိုက်ဆရာတော် ဦးကုမာရက မိန့်ကြားသည်။

"ကိုဗစ်ကာလအတွင်း အဓိကအားဆေးတွေလှူသွားမှာပါ။ ရခိုင်ကစစ်ဘေးရှောင်စခန်းတွေက အသက် ၅၀ အထက် အယောက် ၁၀၀ လောက်ကို ခုခံအားကောင်းပြီး ကိုဗစ်ကာကွယ်နိုင်ဖို့ကို ဗီတာမင်-ဒီ တို့၊ ငှက်သိုက်တို့ကိုတိုက်ပေးမယ်။ နောက်ပြီး ဦးဇင်းတို့ ရခိုင်ကစစ်ဘေးရှောင်စခန်းတွေမှာ လိုအပ်တာတွေလှူဒါန်းသွားဖို့ရှိပါတယ်။ လက်လုပ်လက်စားပြည်သူတွေကိုလည်း ဆန်၊ ဆီ၊ ဆား၊ ငရုတ်တွေလှူဒါန်းပေးသွားမယ်။"ဟု မိန့်သည်။

Light up Myanmar Service Project သည် ထိုင်ဝမ်နိုင်ငံ ထိုင်ပေမြို့ရှိ International Rotary Club Of Taipei Twins(Taiwan)Rotary District 3482Rotary Club of Taipei Twins Dis.3482 Taiwan နှင့် Serve to Change Lives စသည့် Rotary Club (၄)ခုကို စုပေါင်းဖွဲ့စည်းထားခြင်းဖြစ်သည်။

မြန်မာနိုင်ငံအတွင်းကူညီမှုများလုပ်ဆောင်ရန်ဖွဲ့စည်းထားခြင်းဖြစ်ပြီး ရခိုင်ပြည်နယ်ကို ပထမဆုံးအကြိမ်အဖြစ်လှူဒါန်ခြင်းဖြစ်ကြောင်း သိရသည်။

ဓာတ်ပုံ - ဦးကုမာရ

ဆက်စပ် သတင်းများ