ကြာသပတေး၊ ဧပြီလ ၂၅ရက်၊ ၂၀၂၄

မောင်တောတွင် သဇင်ဥပဒေဆိုင်ရာအဖွဲ့ ရုံးဖွင့်


  • ရေးသူ: Web Master
  • | ရက်စွဲ: ၁၇ စက်တင်ဘာ ၂၀၂၁
  • | ကြည့်ရှုသူ: 6.2k

သဥ္ဇာနွယ်
နိရဥ္စရာ၊ စက်တင်ဘာ ၁၆ / ၂ဝ၂၁
ရခိုင်ပြည်နယ်၊ မောင်တောမြို့တွင် ဥပဒေဆိုင်ရာကိစ္စများကို ဆောင်ရွက်ပေးနိုင်ရန် ရည်ရွယ်ချက်ဖြင့် မောင်တောမြို့တွင် သဇင်ဥပဒေဆိုင်ရာအဖွဲ့အစည်း ရုံးကို ယခုလ ၁၅ ရက်နေ့က ဖွင့်လှစ်လိုက်သည်ဟု သိရသည်။
ယင်းရုံးကို မောင်တောမြို့ အမှတ်(၁)ရပ်ကွက် သာသနာ့ဗိမာန်တော်ကြီးအနီးတွင် ဖွင့်လှစ်ထားပြီး ဥပဒေရေးရာ ကိစ္စရပ်များကို ဆောင်ရွက်သွားမည်ဟု သဇင်ဥပဒေဆိုင်ရာအဖွဲ့အစည်းမှ ဒါရိုက်တာ ဦးငြိမ်းချမ်းက နိရဥ္စရာသတင်းဌာနသို့ ပြောသည်။
“ကျနော်တို့ မောင်တောမှာ Unicef တို့အကူအညီနဲ့ ကလေးသူငယ်တွေရဲ့အမှုတွေကို လိုက်ပါဆောင်ရွက်ပေးဖို့ ပြစ်မှုကြောင်းအရ အမှုရင်ဆိုင်ရတဲ့အခါ၊ ရှေ့နေလိုအပ်တဲ့အခါ ကူညီဆောင်ရွက်ပေးပါတယ်။ အရင်တုန်းကလည်း မောင်တောမှာ အမှုလိုက်ပါ ဆောင်ရွက်ပေးခဲ့တာလည်း ရှိပါတယ်။ ကျနော်တို့ တခြားအမှုတွေကိုကျတော့ အကြံပေးတာမျိုးရှိမယ်။ တခြားသောလုပ်ဆောင်နိုင်တဲ့နယ်ပယ်ထဲကဆိုရင် တရားရုံးမှာဆိုရင် အမှုလိုက်ပါဆောင်ရွက်သွားဖို့ရှိတယ်။”ဟု ပြောသည်။
အဆိုပါရုံးတွင် ကလေးသူငယ်နှင့်ဆိုင်သောအမှုများကို အဓိကဖြေရှင်းလုပ်ဆောင်သွားမှာဖြစ်ပြီး အခြားအမှုများကို တတ်နိုင်သရွေ့ အခမဲ့ကူညီဆောင်ရွက်ပေးသွားမည်ဟုလည်း ဆိုသည်။
မောင်တောမြို့ခံတစ်ဦးဖြစ်သူ ဦးကိုလတ်ထွန်းကလည်း မောင်တောဒေအတွင်း လူအများမသိနိုင်သည့်အမှုများကို ဥပဒေလမ်းကြောင်းအတိုင်း လုပ်ပေးစေလိုသည်ဟု ပြောသည်။
“ခုလိုမျိုး မောင်တောမြို့မှာ ခုလို ဥပဒေရုံးလာဖွင့်တဲ့အတွက် ဝမ်းသာပါတယ်။ အမှုမလိုက်နိုင်တဲ့ မတရားကျူးလွန်ခံရတဲ့သူတွေ အမှုမလိုက်နိုင်တဲ့အခါ။ ဒီလိုအနေထားတွေမှာ ဒီသဇင်ဥပဒေရုံး မောင်တောမှာရှိနေတဲ့အတွက် ဥပဒေအကြောင်းအရ အကူညီတောင်းခံဖို့ဆိုရင် သူတို့နဲ့ဆက်သွယ်ပြီးလုပ်သွားလို့လည်း ရတယ်။ လူအများမသိနိုင်တဲ့အမှုတွေကို ဥပဒေလမ်းကြောင်းအတိုင်း မြို့နဲ့ကျေးရွာတွေမှာ ကျယ်ကျယ်ပြန့်ပြန့်သိနိုင်အောင် လုပ်ဆောင်ပေးစေချင်ပါတယ်။”ဟု ပြောသည်။
စစ်တွေနှင့် အမ်းမြို့တို့တွင်လည်း အဆိုပါအဖွဲ့၏ရုံးခွဲများကို ၂၀၁၆ ခုနှစ်မှစတင်ဖွင့်လှစ်ကာ ဥပဒေဆိုင်ရာအမှုများကို ဆောင်ရွက်ပေးနေကြောင်း သိရသည်။
ဓာတ်ပုံ - Thazin Legal Institute

ဆက်စပ် သတင်းများ