စနေ၊ ဧပြီလ ၂၀ရက်၊ ၂၀၂၄

မြောက်ဦးနန်းရာကုန်းတတိယထပ်တွင် ကားဂိတ်လုပ်ရန်စီစဉ်မှု ကန့်ကွက်ခံရ၍ ရပ်နားထားရ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၂၅ နိုဝင်ဘာ ၂၀၂၁
  • | ကြည့်ရှုသူ: 3.5k

သဥ္ဇာနွယ်
နိရဥ္စရာ၊ နိုဝင်ဘာ ၂၅ / ၂၀၂၁
ဒေသခံများက ကန့်ကွက်နေမှုကြောင့် မြောက်ဦးမြို့၊  ရှေးဟောင်းသမိုင်းဝင်နန်းရာကုန်း တတိယထပ်တွင် ကားဂိတ်လုပ်ရန်စီစဉ်နေမှုကို ရပ်နားထားရသည်ဟု မြောက်ဦးရှေး/သုဌာနမှ ဒုတိယညွန်ကြားရေးမှူး ဦးဆန်းဝင်းက ပြောသည်။
“အခုတော့ အဲဒီ ကားဂိတ်ကိစ္စနဲ့ပတ်သက်ပြီး ဘာမှတော့ ပြောသံဆိုသံ မကြားမိဘူး။ ပြဿနာက တော်တော်ကြီးတော့ ကားဂိတ်လုပ်မယ့် အစီအစဉ် ရပ်နားထားရတယ်”ဟု ပြောသည်။
မြောက်ဦးမြို့ ကုန်သည်တန်းရပ်ကွက်ရှိ ရှေးဟောင်းသမိုင်းဝင် နန်းရာကုန်းတတိယထပ်တွင် ကားဂိတ်လုပ်ရန်စီစဉ်နေမှုကို နိုဝင်ဘာ ၈ ရက်တွင် မြောက်ဦးရှေး/သုဌာနနှင့် မြို့နယ်စည်ပင်အဖွဲ့တို့က စီစဉ်ခဲ့သော်လည်း ဒေသခံများကန့်ကွက်မှုများကြောင့် လက်ရှိတွင် ရပ်နားထားရသည်ဟု မိဘရိပ်ခရီးသည်တင်ယာဉ်လိုင်း ဥက္ကဋ္ဌ ဦးခင်ဝင်းက နိရဥ္စရာကို ပြောသည်။
“ကားဂိတ်ဆောက်ဖို့ဟာ လောလောဆယ်တော့ ရပ်နားထားတယ်။ ဒေသခံတွေက ကန့်ကွက်ကြတော့ ဆောက်ဖြစ် မဆောက်ဖြစ်တော့ မသေချာသေးပါဘူး”ဟု ပြောသည်။
မြောက်ဦးမြို့နယ်အပါအဝင် မြောက်ဦးနှင့်နီးစပ်သည့်မြို့နယ်အချို့သို့ ခရီးတိုပြေးဆွဲနေရသည့် ခရီးသည်တင်ကားများ စနစ်တကျရပ်နားထားကြစေရန်၊ အများပြည်သူ သွားလာရေးအဆင်ပြေစေရန်နှင့် စျေးဆိုင်ခန်းများကို စနစ်တကျဖြစ်စေရန်အတွက် အဆိုပါနေရာတွင် ကားဂိတ်လုပ်ရန်စီစဉ်ရခြင်းဖြစ်သည်ဟု သိရသည်။
မြောက်ဦးမြို့သည် တစ်မြို့လုံးနီးပါး ရှေးဟောင်းအမွေအနှစ်မြေနေရာဖြစ်နေသည့်အတွက် နန်းရာကုန်းမှအပ ကျန်သည့်နေရာတွင် ကားဂိတ်ဆောက်လုပ်မည်ဆိုပါကလည်း ရှေးဟောင်းမြေနှင့် တစ်နေရာမှ မလွတ်နိုင်ဟု ကားသမားများက ပြောသည်။
ဓာတ်ပုံ - ကားဂိတ်တည်ဆောက်မည့်နေရာနှင့် ကားများရပ်နားထားမှုအား နိုဝင်ဘာ ၁၈ ရက်က တွေ့ရစဉ်။

ဆက်စပ် သတင်းများ