သောကြာ၊ ဧပြီလ ၁၉ရက်၊ ၂၀၂၄

ရခိုင်ရှိ လမ်းတံတားနေရာ (၁ဝ)ခုတွင် ဂိတ်ကြေးကာက်ရန် ပြည်ထောင်စုသို့ တင်ပြထားဟု ပြည်နယ်ကောင်စီ ပြောခွင့်ရဆို


  • ရေးသူ: Web Master
  • | ရက်စွဲ: ၂၈ နိုဝင်ဘာ ၂၀၂၁
  • | ကြည့်ရှုသူ: 7.6k

ထက်အောင်
နိရဥ္စရာ၊ နိုဝင်ဘာ ၂၇/ ၂၀၂၁
ရခိုင်ပြည်နယ်အတွင်းရှိ လမ်းတံတား (၁၀) ခုတွင် ဂိတ်ကြေးကောက်ခံရန် ပြည်ထောင်စုအဆင့်သို့ စာတင်ထားကြောင်း ရခိုင်ပြည်နယ်ကောင်စီ ပြောရေးဆိုခွင့်ရှိသူ ဦးလှသိန်းက နိရဥ္စရာကို ပြောသည်။
“လမ်းတံတားအသုံးပြုကြေးတွေကောက်ဖို့ စတော့ မစရသေးဘူး။ ဘယ်နေရာတွေမှာကောက်မယ်ဆိုတာကို ပြည်ထောင်စုနဲ့ ညှိနေတာပေါ့။ အဲဒါကို ပြန်တင်ပြထားတယ်။ ပြည်ထောင်စုက ကောက်ပါလို့ မပြောသေးဘူး”ဟု ပြောသည်။
အဆိုပါ လမ်းတံတားများအသုံးပြုကြေးကောက်ခံမည့်နေရာများတွင် ပြည်နယ်မြောက်ပိုင်းမှ ကစ္ဆပနဒီတံတား၊ ရာမောင်တံတား၊ မင်းချောင်းတံတားအလွန်မှ ကျောက်တန်းစစ်ဆေးရေးဂိတ်အပါအဝင် ပြည်နယ်အလယ်ပိုင်းနှင့် တောင်ပိုင်းတို့မှ နေရာ (၇) ခုပါဝင်ကြောင်း သိရသည်။
ရခိုင်တွင် လမ်းတံတားအသုံးပြုခဂိတ်ကြေးများကို ကောက်ခံနိုင်ရန် ယခုလ နိုဝင်ဘာလပထမပတ်ကို ပညာပေးကာလအဖြစ်သတ်မှတ်ကာ နိုဝင်ဘာ ဒုတိယပတ်အတွင်း စတင်ကောက်ခံသွားမည်ဟု ဆောက်လုပ်ရေးဝန်ကြီးဌာန လမ်းဦးစီးဌာနက ယခုလအစောပိုင်းတွင် ကြေညာခဲ့သည်။
ထိုသို့ လမ်းတံတားများအသုံးပြုသည့်အတွက် အခကြေးငွေကောက်ခံမည့်ပမာဏသတ်မှတ်ချက်များရှိပြီး မည်သို့ကောက်ခံသွားမည်ကို လောလောဆယ် မသိသေးကြောင်း ဦးလှသိန်းက ဆိုသည်။
“အခုက လမ်းတံတားအသုံးပြုခတွေ ကောက်ခံဖို့၊ မကောက်ခံဖို့ကို စဉ်းစားနေတဲ့အဆင့်မှာပဲ ရှိပါသေးတယ်။ ပြည်ထောင်စုက ဆုံးဖြတ်ချက်ထွက်လာရင်တော့ သတင်းစာမှာကြေညာပေးလိမ့်မယ်ထင်တယ်” ဟု ပြောသည်။
ရခိုင်ပြည်နယ်အတွင်း ထိုကဲ့သို့ လမ်းတံတားအသုံးပြုကြေးကောက်ခံပါက လျှော့ပေါ့ကောက်ခံစေလိုကြောင်း ရွှေပြည်သစ်ကားဂိတ်မှူး ဦးအောင်မိုးက ပြောသည်။
“လမ်းကြေး၊ တံတားကြေးကတော့ လျှော့လေကောင်းလေပါပဲ။ မပေးရလေ ကောင်းလေ။ အဓိကတော့ လမ်းကြေး၊ တံတားကြေးကောက်ခံတဲ့အခါ သက်သာဖို့လိုတယ်” ဟု ပြောသည်။
ယခုကဲ့သို့ လမ်းတံတားဂိတ်ကြေးများကောက်ခံခြင်းသည် နိုင်ငံတော်အခွန်အတွက်ကောက်ခံခြင်းဖြစ်သည်ဟုလည်း ဦးလှသိန်းက နိရဥ္စရာကို ပြောဆိုထားသည်။
ရခိုင်ပြည်နယ်အတွင်း လမ်းတံတား ကြေးကောက်ခံမှုကို ပြီးခဲ့သည့် NLD အစိုးရလက်ထက်က ဖျက်သိမ်းထားခဲ့သော်လည်း လက်ရှိ နိုင်ငံတော်အာဏာရယူထားသည့် နစကကောင်စီက လမ်းတံတားအသုံးပြုခများကို ဂိတ်များဖွင့်ကာ ပြန်ကောက်ခံရန် စီစဉ်နေခြင်းဖြစ်သည်။
ရခိုင်ပြည်နယ်အပါအဝင် မြန်မာတစ်နိုင်ငံလုံး၌ မြို့ဝင်ကြေးနှင့် လမ်းတံတားအသုံးပြုကြေး ကောက်ခံသည့် ဂိတ်ပေါင်း (၃၀၀) ကျော်ကို NLD အစိုးရလက်ထက်ဖြစ်သည့် ပြီးခဲ့သည့် ၂၀၁၆ ခုနှစ် ဧပြီလက ဖျက်သိမ်းခဲ့ကြောင်း သိရသည်။
Photo - Zaw Worn

ဆက်စပ် သတင်းများ