သောကြာ၊ ဧပြီလ ၁၉ရက်၊ ၂၀၂၄

ရခိုင်တွင် အများသုံးအဆောက်အအုံများဆောက်လုပ်ရာ၌ ဝှီးချဲအသုံးပြုသူများနှင့် မသန်စွမ်းသူများအတွက်ပါ ထည့်သွင်းစဉ်းစားဆောက်လုပ်နေ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၀၅ ဒီဇင်ဘာ ၂၀၂၁
  • | ကြည့်ရှုသူ: 7.5k

ချစ်အိလှိုင်
နိရဥ္စရာ၊ ဒီဇင်ဘာ ၄/ ၂ဝ၂၁
ရခိုင်တွင် အများပြည်သူအသုံးပြုသည့်နေရာများရှိ အဆောက်အအုံများဆောက်လုပ်ရာ၌ ဝှီးချဲအသုံးပြုသူများနှင့် မသန်စွမ်းသူများအတွက်ပါ ထည့်သွင်းစဉ်းစား ဆောက်လုပ်နေပြီဟု သိရသည်။
ရခိုင်တွင် ယခုနောက်ပိုင်း အဆောက်အအုံသစ်များ၊ ဆေးရုံသစ်၊ ကျောင်းဆောင်သစ်နှင့် လေဆိပ်သစ်များ ဆောက်လုပ်ပါက မသန်စွမ်းသူများအတွက် အဆင်ပြေစေနိုင်ရန် ထည့်သွင်းဆောက်လုပ်ကြရန် မသန်စွမ်းသူများအမျိုးသားကော်မတီက အစိုးရကို တိုက်တွန်းထားသည်ဟုလည်း ရခိုင်ပြည်နယ် လူ/ကယ်/ပြန်ဌာနမှ ပြည်နယ်မှူး ဦးမြင့်ဇော်က နိရဥ္စရာအားပြောသည်။
“အများပြည်သူတွေသွားလာတဲ့နေရာတွေမှာ မသန်စွမ်းသူတွေ သွားလာလို့ရအောင်ဆိုပြီး ညွှန်ကြားချက်တွေရှိတယ်။ အဲဒါအတွက်ကို သက်သက်ဘားဂျတ်ချပြီးတော့လုပ်တာမဟုတ်ပေမယ့် ဥပမာ-စည်ပင်က လမ်းပြင်တဲ့အခါ အဲဒါကိုလုပ်သွား။ အဟောင်းကတော့ ထားတော့။ သူတို့ထပ်ပြင်တဲ့အခါ ရှိခဲ့ရင်ပြောတာ။ အခုအသစ်ပြင်တဲ့အဆောက်အအုံတွေမှာပြောတာ” ဟုပြောသည်။
လက်ရှိတွင် ရမ်းဗြဲမြို့နယ် လေးတောင်ကျေးရွာရှိ မူကြိုကျောင်းဆောင်သစ်တွင် ဆင်ဝင်အောက်နှင့် ကျောင်းလှေကားများတွင် ဝှီးချဲဖြင့်တက်နိုင်အောင် ၅ ပေအကျယ်နေရာယူ၍ ဆောက်လုပ်ပေးနေကြောင်း သူက ဆက်ပြောသည်။
အလားတူ စစ်တွေရှိ လောကာနန္ဒာစေတီအနီးတည်ဆောက်နေသည့် May Yu Shopping Complex တွင်လည်း မသန်စွမ်းများအတွက် လျှောက်လမ်းများထည့်သွင်းတည်ဆောက်နေသည်ဟု တာဝန်ယူဆောက်လုပ်နေသည့် Western Shining Star ဆောက်လုပ်ရေးကုမ္ပဏီ၏ မန်နေဂျင်းဒါရိုက်တာ ဦးတင်အောင်ဦးက နိရဥ္စရာကိုပြောသည်။
“ကျွန်တော်တို့ဆီမှာလည်း မသန်စွမ်းတွေအတွက် လျှောက်လမ်းတွေထည့်ဆောက်ဖို့ရှိပါတယ်။ ဝင်ပေါက်တချို့ရဲ့ ဘေးဖက်မှာ ထည့်ပေးထားပါတယ်။ အထဲမှာတော့ ဓာတ်လှေကားတွေရှိမယ်ဆိုတော့လေ” ဟုပြောသည်။
ယခုကဲ့သို့ မသန်စွမ်းများအတွက်ပါထည့်သွင်းဆောက်လုပ်မှုသည် မသန်စွမ်းများအတွက် ပိုအကျိုးရှိစေသည်ဟု ရခိုင်ပြည်နယ်မသန်စွမ်းသူများအသင်း တွဲဘက်အတွင်းရေးမှူး ဦးဇော်ဇော်က ပြောသည်။
“နို်င်ငံတကာမှာတော့ မသန်စွမ်းသူတွေအတွက်ဆိုပြီးတော့ စူပါမားကပ်တွေနဲ့လူအများအသုံးပြုတဲ့နေရာတွေမှာ ဝှီးချဲတွေနဲ့ အသုံးပြုလို့ရအောင်လုပ်ထားတာတွေရှိတယ်ပေါ့လေ။ ရန်ကုန်မှာလည်း တချို့နေရာတွေမှာရှိတယ်။ ရခိုင်မှာတော့ လုံးဝမရှိသလောက်လို့ပြောလို့ရတယ်။ အဲဒီလိုုလုပ်လာမယ်ဆိုရင် မသန်စွမ်းတွေအတွက် အများကြီးကောင်းတာပေါ့” ဟုပြောသည်။
ရခိုင်ပြည်နယ်တွင် ၂၀၁၉ ခုနှစ်ကြားဖြတ်သန်းခေါင်စာရင်းအရ မသန်စွမ်းသူ ဦးရေ ၅ဝ၅,၅ဝ၃ ဦးရှိကြောင်း သိရသည်။
ယင်းအထဲတွင် ကိုယ်ခန္ဓာအစိတ်အပိုင်းချို့တဲ့သူ၊ အကြားအာရုံချို့တဲ့သူ၊ ဆွံ့အနားမကြားသူ၊ အမြင်အာရုံချို့တဲ့သူစသည်တို့ပါဝင်သည်။
ယနေ့ ဒီဇင်ဘာ ၃ ရက်နေ့သည် အပြည်ပြည်ဆိုင်ရာမသန်စွမ်းသူများနေ့ဖြစ်ပြီး မသန်စွမ်းများကို ခွဲခြားဆက်ဆံခြင်းမပြုကြရန်လည်း ၄င်းတို့အရေးဆောင်ရွက်နေသူများက ပြောကြသည်။

ဆက်စပ် သတင်းများ