ဗုဒ္ဓဟူး၊ ဧပြီလ ၂၄ရက်၊ ၂၀၂၄

ရခိုင်ရာဇဝင်သစ်ကျမ်းပြု အရှင်စန္ဒမာလာလင်္ကာရ ပျံလွန်တော်မူသည့်နေ့ကို အမျိုးသားအဆင့် နေ့တစ်နေ့အဖြစ်သတ်မှတ်ပေးရန်တောင်းဆို


  • ရေးသူ: Web Master
  • | ရက်စွဲ: ၀၅ ဒီဇင်ဘာ ၂၀၂၁
  • | ကြည့်ရှုသူ: 5k

အေးမြတ်ခိုင်
နိရဥ္စရာ၊ ဒီဇင်ဘာ ၄/၂၀၂၁
ရခိုင်ရာဇဝင်သစ်ကျမ်းပြု အရှင်စန္ဒမာလာလင်္ကာရ ပျံလွန်တော်မူသည့်နေ့ကို ရခိုင်အမျိုးသားအဆင့် အသိအမှတ်ပြုနေ့အဖြစ်သတ်မှတ်ပေးရန် ယမန်နေ့က ပြုလုပ်သည့် အခမ်းအနားတွင် ရမ်းဗြဲဒေသခံများက တောင်းဆိုလိုက်သည်။
ရခိုင်သမိုင်းကျမ်းစာများကိုဖော်ထုတ်ရေးသားခဲ့သည့် ဆရာတော်ကြီးသည် ရမ်းဗြဲတစ်မြို့တည်းသာမက ရခိုင်တမျိုးသားလုံးအပေါ်လည်း ကျေးဇူးရှိသည့်ပုဂ္ဂိုလ်ကြီးဖြစ်သည့်အတွက် ရခိုင်တပြည်နယ်လုံးက ဆရာတော်ပျံလွန်တော်မူသည့် တန်ဆောင်မုန်းလကွယ်နေ့ကို အရှင်စန္ဒမာလာလင်္ကာရနေ့အဖြစ် အသိအမှတ်ပြုစေချင်ကြောင်း ရမ်းဗြဲလူငယ်ကွန်ရက်ဥက္ကဋ္ဌ မစုမြတ်ထွေးက နိရဥ္စရာကိုပြောသည်။
“ကျမတို့လူငယ်တွေဆန္ဒက ရခိုင်ပြက္ခဒိန်တွေဘာတွေရှိလာရင် တန်ဆောင်မုန်းလကွယ်နေ့ကို ပျံလွန်တော်မူသွားတဲ့နေ့ဖြစ်တဲ့အတွက် ဆရာတော်ကြီးနေ့ဖြစ်စေချင်ပါတယ်။ ဆရာတော်ကြီးဂုဏ်ကျေးဇူးက ရခိုင်တမျိုးသားလုံးအပေါ်ရှိတဲ့အတွက် ရမ်းဗြဲနဲ့ပဲသက်ဆိုင်တာမဟုတ်ဘဲ ရခိုင်တစ်မျိုးသားလုံးနဲ့သက်ဆိုင်တယ်လို့ ထင်စေချင်တယ်”ဟု ပြောသည်။
ယင်းအပြင် ရမ်းဗြဲမြို့အနီး ကိုယ်ရံတောင်ပေါ်တွင်ရှိသော ဆရာတော့်ရုပ်တုကိုလည်း လူသူအရောက်အပေါက်နည်းသည့်ယခုနေရာတွင်မထားဘဲ အများပြည်သူနှင့်ဆိုင်သည့် ရမ်းဗြဲမြို့တွင်းရှိနေရာတစ်ခုခုတွင် ထားစေချင်သည်ဟု ပြောသည်။
"အခုက လူသူအရောက်အပေါက်နည်းတဲ့ ဘုရားတောင်ပေါ်ရောက်နေတယ်။ ဘုရားကိုတကူးတကတက်မှ ဆရာတော်ကြီးကိုဖူးတွေ့ရတယ်။ မြို့ထဲတစ်နေရာရာမှာ ဆရာတော်ရုပ်တုကိုထားစေချင်ပါတယ်။ ဒါမှလည်း လူတွေသိကြမယ်"ဟု ပြောသည်။
အရှင်စန္ဒမာလာလင်္ကာရသည် ရခိုင်တစ်မျိုးသားလုံးအတွက်အရေးပါသော ရခိုင်ရာဇဝင်သစ်ကျမ်းကိုပြုစုခဲ့သည့် ကျေးဇူးရှင်ဆရာတော်ကြီးတစ်ပါးဖြစ်သည်။
ယင်းကျမ်းကို ဆရာတော်ကြီးက လက်ရေးဖြင့် စာမျက်နှာတစ်ထောင်ကျော်အထိ ရေးသားခဲ့ခြင်းဖြစ်ပြီး လက်ရှိတွင် အကြိမ်ကြိမ် ပုံနှိပ်ထုတ်ဝေထားပြီးဖြစ်ကာ မူရင်းလက်ရေးစာကို ရမ်းဗြဲမြို့ရှိ ဆရာတော်ကြီးသီတင်းသုံးခဲ့သည့် တောင်ကျောင်းဘုန်းတော်ကြီးကျောင်းတွင် ထိန်းသိမ်းလျက်ရှိကြောင်း သိရသည်။
ရခိုင်သမိုင်းပညာရှင်များနှင့် စာရေးဆရာများကလည်း ရခိုင်သမိုင်းနှင့်ပတ်သက်လာလျှင် ဆရာတော်ကြီးရေးသားပြုစုခဲ့သည့် ရခိုင်ရာဇဝင်သစ်ကျမ်းကို လက်ရှိအချိန်အထိ ကိုးကား ရေးသားနေကြရဆဲဖြစ်သည်။
ယင်းကျမ်းကို ပြီးခဲ့သည့်မေလမှစတင်ကာ သီရိလင်္ကာနိုင်ငံမှ ဒေါက်တာဘွဲ့ရထားသည့် ရမ်းဗြဲဇာတိ ရဟန်းတော်တစ်ပါးဖြစ်သည့် အသျှင် ဝိသာရဒ(ရမ္မာဝတီ)က အင်္ဂလိပ်ဘာသာသို့ ပြန်ဆိုနေပြီဟုလည်း သိရသည်။
ရသေ့တောင်မြို့နယ်မှ တက္ကသိုလ်ကျောင်းသားလူငယ်တစ်ဦးဖြစ်သည့် ကိုနေမျိုးအောင်ကလည်း "ကျွန်တော်တို့ရခိုင်ပြည်အတွက် ဆရာတော်ဟာ အမှန်တကယ်ကျေးဇူးရှိတယ်။ ရခိုင့်သမိုင်းမှာ ရခိုင်ပြည်အတွက် လုပ်ပေးခဲ့တဲ့ပုဂ္ဂိုလ်တွေအများကြီးပါ။ ကျွန်တော်တို့လူငယ်တွေဟာ သမိုင်းကိုသိရှိမှုတကယ့်ကိုနည်းသေးတယ်"ဟု ပြောသည်။
အရှင်စန္ဒမာလာလင်္ကာရသည် သက္ကရာဇ် ၁၂၉၃ ခုနှစ်၊ တန်ဆောင်မုန်းလကွယ်နေ့၊ ခရစ်သက္ကရာဇ် ၁၉၃၁ ခုနှစ်၊ ဒီဇင်ဘာလ ၃ ရက်တွင် ပျံလွန်တော်မူခဲ့ခြင်းဖြစ်ရာ ယနေ့သည် ဆရာတော်ပျံလွန်တော်မူသည့် နှစ် ၉၀ ပြည့်မြောက်သည့်နေ့ဖြစ်သည်။
ဆရာတော်ပျံလွန်တော်မူသည့် နှစ် ၉ဝ ပြည့်နေ့အခမ်းအနားကိုလည်း ရမ်းဗြဲမြို့တွင် ယနေ့ နံနက်က ရမ်းဗြဲလူငယ်ကွန်ရက်ကဦးဆောင်ပြီး ရမ်းဗြဲမြို့မှ ပရဟိအဖွဲ့ (၅)ဖွဲ့စုပေါင်းကျင်းပခဲ့သည်ဟု သိရသည်။
ယင်းပွဲတွင် ရခိုင်ရိုးရာဝတ်စုံများဝတ်ဆင်ပြီး ရခိုင်မင်္ဂလာစည်တော်တို့ကိုတီးကာ မြို့တစ်ပတ်လှည့်လည်ပြီး ဆရာတော်ရုပ်တုရှိရာ ကိုယ်ရံတောင်တွင် ဆရာတော့်ရုပ်တုအား ဂုဏ်ပြုပန်းခွေဆပ်ကပ်ခြင်းနှင့် ဂုဏ်ပြုသဝဏ်လွှာဖတ်ကြားဂါရဝပြုခြင်းတို့ကို ပြုလုပ်ခဲ့ကြသည်။
ယင်းအပြင် နေ့လယ်ပိုင်းတွင် ဆရာတော်အထိမ်းအမှတ်စာပေပြိုင်ပွဲတွင် ဆုရရှိသည့်ကျောင်းသား၊ ကျောင်းသူများကို ဆုချီးမြှင့်ခဲ့သည်ဟုလည်း သိရသည်။
ဓာတ်ပုံ - ရမ်းဗြဲလူငယ်ကွန်ရက်

ဆက်စပ် သတင်းများ