စနေ၊ ဧပြီလ ၂၀ရက်၊ ၂၀၂၄

ရခိုင်တွင် တောင်ကုတ်နှင့်အမ်းခရိုင်နှစ်ခုတိုးချဲ့ရာတွင် အမ်းကို မြို့နယ်တစ်ခုတည်းဖြင့် ခရိုင်ဖွဲ့စည်း


  • ရေးသူ: Web Master
  • | ရက်စွဲ: ၀၃ မေ ၂၀၂၂
  • | ကြည့်ရှုသူ: 4.6k

နိရဉ္စရာ၊ မေ ၁ / ၂၀၂၂
စစ်ကောင်စီမှ ရခိုင်ပြည်နယ်တွင် တောင်ကုတ်နှင့် အမ်းခရိုင်နှစ်ခု ထပ်တိုး လိုက်ရာ အမ်းခရိုင်ကို အမ်းမြို့နယ် တစ်ခုတည်းဖြင့် ဖွဲ့စည်းကြောင်း ထုတ်ပြန်သည်။
၂၀၂၂ ခုနှစ် ဧပြီ ၃၀ ရက်နေ့ဖြင့် စစ်ကောင်စီ ပြည်ထဲရေးဌာနက ထုတ်ပြန်ရာတွင် တောင်ကုတ်ခရိုင်ကို တောင်ကုတ်မြို့နယ်နှင့် မာန်အောင်မြို့နယ်တို့ဖြင့် ဖွဲ့စည်းကြောင်း၊ အမ်းခရိုင်ကို အမ်းမြို့နယ် တစ်ခုတည်းဖြင့် ဖွဲ့စည်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြသည်။
ယခင်က ကျောက်ဖြူခရိုင်တွင် ကျောက်ဖြူ၊ ရမ်းဗြဲ၊ မာန်အောင်နှင့် အမ်း ၄ မြို့နယ်ရှိရာမှ လက်ရှိဖွဲ့စည်းရာတွင် မာန်အောင်မြို့နယ်ကို တောင်ကုတ် ခရိုင်တွင်ထည့်သွင်းလိုက်ပြီး အမ်းမှာ ခရိုင် တစ်ခုဖြစ်လာသဖြင့် ကျောက်ဖြူ ခရိုင်တွင် ကျောက်ဖြူနှင့် ရမ်းဗြဲမြို့နယ် ၂ ခုသာ ကျန်ရှိတော့သည်။
အလားတူ သံတွဲခရိုင်တွင်လည်း သံတွဲ၊ ဂွနှင့် တောင်ကုတ်မြို့ နယ် ၃ ခုရှိရာတွင် တောင်ကုတ်ကို ခရိုင်အဆင့် တိုးမြှင့်လိုက်သဖြင့် သံတွဲခရိုင်တွင် သံတွဲမြို့နယ်နှင့် ဂွမြို့နယ်တို့သာကျန်ရှိတော့သည်။
ရခိုင်ပြည်နယ်တွင် ယခင်က စစ်တွေ၊ မောင်တော၊ မြောက်ဦး၊ ကျောက်ဖြူနှင့် သံတွဲခရိုင် (၅) ခုရှိရာမှ နောက်ထပ် တောင်ကုတ်နှင့် အမ်းကို ခရိုင်အဖြစ် တိုးမြှင့်လိုက်သဖြင့် ခရိုင် (၇) ခုရှိသွားပြီဖြစ်သည်။
အလားတူ ချင်းပြည်နယ်မှ ပလက်၀နှင့် တီးတိန်မြို့နယ်ကိုလည်း ခရိုင်အဖြစ် တိုးမြှင့်လိုက်ကြောင်း သိရှိရသည်။
စစ်ကောင်စီက မြန်မာတစ်နိုင်ငံလုံးတွင် ခရိုင် ၄၆ ခု တိုးချဲ့ ဖွဲ့စည်းခဲ့ကြောင်း သိရသည်။ ထိုသို့ တိုးချဲ့ ဖွဲ့စည်းလိုက်သဖြင့် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ယခင်က ခရိုင် ၇၅ ခု ရှိခဲ့ရာမှ လက်ရှိတွင် ခရိုင်ပေါင်း ၁၂၁ ခရိုင် အထိ ရှိသွားပြီဖြစ်သည်။

ဆက်စပ် သတင်းများ