သောကြာ၊ ဧပြီလ ၁၉ရက်၊ ၂၀၂၄

ဂွတွင် တောဆင်ရိုင်းများ အုပ်စုလိုက်သောင်းကျန်း၍ လူ ၁ ဦးဒဏ်ရာရပြီး နေအိမ် ၃ လုံးနှင့် ယာခင်းများပျက်စီး


  • ရေးသူ: Web Master
  • | ရက်စွဲ: ၀၉ မေ ၂၀၂၂
  • | ကြည့်ရှုသူ: 4.2k


နိရဥ္စရာ၊ မေ ၉ / ၂၀၂၂
ရခိုင်ပြည်နယ်၊ ဂွမြို့နယ်တွင် တောဆင်ရိုင်းများ အုပ်စုလိုက်ဝင်ရောက်သောင်းကျန်းမှုကြောင့် လူ ၁ ဦးဒဏ်ရာရပြီး နေအိမ် ၃ လုံးနှင့် ယာခင်းအချို့ပျက်စီးသွားကြောင်း သိရသည်။
ဂွမြို့နယ်၊ ရွှေတွင်းတူးကျေးရွာတွင် ယမန်နေ့ မေလ ၈ ရက် ညဥ့် ၃ နာရီခန့်က တောဆင်ရိုင်း ၅ ကောင်ဝင်ရောက်သောင်းကျန်းခဲ့ခြင်းဖြစ်ကြောင်း ရွာသား ဦးအောင်မင်းဦးက နိရဥ္စရာကို ပြောသည်။
"ရွာမှာအကုန်အိပ်မောကျနေကြတဲ့အချိန်။ အိမ်ကို နှာမောင်းတွေနဲ့ဖျက်ဆီးတော့ အိပ်ရာပေါ်ကပြုတ်ကျလို့ နံရိုးနည်းနည်း အောင့်သွားတဲ့လူတစ်ယောက်ရှိတယ်။ စိုးရိမ်စရာတော့မရှိပါဘူး။ ယာခင်းတွေကတော့ ပျက်စီးသွားတာပေါ့"ဟု ပြောသည်။
၄င်းရွာတွင် တောဆင်ရိုင်းများသည် မိုးဦးကာလနှင့် စပါးရိတ်သိမ်းကာလများတွင်ဝင်ရောက်လေ့ရှိပြီး ရွာသားများ၏စပါးခင်း၊ ကွမ်းခင်း၊ ယာခင်းများပျက်စီးမှုနှင့် နှစ်စဉ်ကြုံရသည်ဟု ရွာသားများက သူက ဆက်ပြောသည်။
"ရွာကိုဒီလိုဆင်ရိုင်းတွေဝင်တာဟာ ရွာသားတွေတွက်လုံခြုံမှုမရှိဘူး။ အရင်ကလည်း ဝင်ဖူးတယ်။ ဘေးမဲ့ဌာနက လူကြီးတွေက ကျနော်တို့လုံခြုံရေးအတွက် ဓာတ်မီးတို့၊ ဗြောက်အိုးတို့၊ ပေးထားပေမယ့် ခုအဲ့ဒါတွေနဲ့ ရွာသားတွေကိုလုံခြုံမှုမပေးနိုင်ပါဘူး။ အသက်အန္တရာယ်ထိခိုက်လာနိုင်တယ်"ဟု ပြောသည်။
ရွှေတွင်းတူးကျေးရွာတွင် အိမ်ထောင်စု ၆၅ စု နေထိုင်ကြပြီး တောတောင်ကိုမှီခိုကာ လယ်ယာလုပ်ငန်း၊ စိုက်ပျိုးရေးလုပ်ငန်းများဖြင့် အသက်မွေးဝမ်းကျောင်းပြုကြရသည်ဟု ဒေသခံများက ပြောသည်။
(NN - 9)

ဆက်စပ် သတင်းများ