သောကြာ၊ မတ်လ ၂၉ရက်၊ ၂၀၂၄

ရန်ကုန်မြို့တွင် ယိုးဒယားကြက်အူချောင်းစားရာမှ လူ၅၀ ကျော် အစာအဆိပ်သင့်မှုဖြစ်ပွားပြီး ဆေးရုံတင်ရ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၁၁ မေ ၂၀၂၂
  • | ကြည့်ရှုသူ: 1.9k

နိရဉ္စရာ၊ မေ ၁၀/၂၀၂၂ ( မြန်မာရေးရာ)
ရန်ကုန်မြို့တွင် မေလ ၉ ရက် ညနေပိုင်းက ယိုးဒယားကြက်အူချောင်း ဝယ်စားသဖြင့် လူ၅၀ ကျော် အစာဆိပ်သင့်ပြီး ဆေးရုံနှစ်ခုကို တက်ရောက် ကုသခဲ့ရသည်ဟု မန္တလေးအခြေစိုက် VOM သတင်းဖော်ပြသည်။
၎င်းအဆိပ်သင့်သူများမှာ ဒဂုံမြို့သစ်အရှေပိုင်းမြို့နယ်၊ ရွာသာကြီးရပ်ကွက်၊ ဘူတာစုအပိုင်းက ကျူးကျော်တဲတွင် နေထိုင်သူများဖြစ်ကြသည်ဟု ဆိုသည်။
“ လူငါးဆယ်ကျော်ဟာ မနေ့ မေလ ၉ရက် ညနေပိုင်းက ယိုးဒယား ကြက်အူချောင်းတွေဝယ်စားမိလို့ အစာဆိပ်သင့်ပြီး ဆေးရုံနှစ်ခုမှာ တင်ထားရပါတယ်။ ယိုးဒယားကြက်သားလုံး၊ ကြက်သားချောင်း တွေကို ဝယ်စားမိလို့ အစာဆိပ်ဖြစ်” ဟု မေတ္တာသင်္ဂဟနာရေးကူညီမှုအသင်းမှ ကိုမင်းဒင်ကပြောကြောင်း VOM ကသတင်းက ဆိုသည်။
အစာအဆိပ်သင့်သည့် လူဦးရေငါးဆယ်ကျော်ထဲက ကလေးများကို မနေ့ည ၈နာရီက ရန်ကင်းကလေးဆေးရုံကို ပို့ဆောင်ခဲ့ပြီး လူကြီးများကို စံပြ ဆေးရုံကြီးတွင် ပို့ဆောင်ထားရသည်ဟု ၎င်းက ပြောသည်။
"စျေးပေါပေါနဲ့လာရောင်းတာ ဝယ်စားကြတယ်၊ ပြီးတော့ မူးတယ် အန်တယ် အသားတွေပြာလာတယ်၊ လူဦးရေငါးဆယ်လောက်ဆေးရုံတင်လိုက်ရတယ်"ဟု ကိုမင်းဒင်က ရှင်းပြပြောဆိုသည်။
လက်ရှိတွင် အစာအဆိပ်သင့်သည့် လူကြီးရောကလေးတွေပါ ကျန်းမာရေး ကောင်းမွန်သည်ဟု ကူညီပေးနေသည့် ပရဟိတအဖွဲ့များကို ကိုးကားပြီး သတင်းတွင် ဖော်ပြထားသည်။
ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၈ ရက်က ယခုလို ယိုးဒယားထုတ် ကြက်အူချောင်းများစားမိ၍ ရှမ်းပြည်နယ်၊ သီပေါမြို့နယ်၊ တွန်ခေါကျေးရွာမှာ မိခင်နဲ့ကလေးသုံးဦး အစာဆိပ်မှုဖြစ်ပြီး လာရှိုးဆေးရုံ၌ ဆေးကုသမှု ခံယူခဲ့ရသေးသည်ဟု သိရသည်။
အလားတူ ဖေဖော်ဝါရီလ ၇ ရက်ကလည်း ကရင်ပြည်နယ်၊ ဘုရားသုံးဆူ မြို့နယ်၊ ၁ ရပ်ကွက်တွင် ကြက်တံဆိပ်ယိုးဒယား ကြက်အူချောင်းကို ဝယ်စားမိသည့် ကလေးငယ်(၉)ဦး အစာအဆိပ်သင့်ကာ ဆေးရုံတင်ခဲ့ရပြီး ထိုအထဲက ၂ နှစ်အရွယ်ကလေးငယ်တစ်ဦး သေဆုံးခဲ့သည့် ဖြစ်စဉ်လည်း ရှိခဲ့သည်ဟု ဆိုသည်။
ကျန်းမာရေးဝန်ကြီးဌာန၊အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေး ဦးစီးဌာန ကလည်း ပြီးခဲ့သည့် လပိုင်းက ၎င်းအသားချောင်းများမှာ Benzoic Acid သတ်မှတ် ပမာဏထက် ကျော်လွန်သုံးစွဲထားပြီး အဏုဇီဝ သတ်မှတ်ချက်နှင့် ကိုက်ညီမှုမရှိ၍ စာသုံးရန် မသင့်သော အစား အသောက်များအဖြစ် ထုတ်ပြန် ကြေညာထားသည်ဟု VOM က သတင်းဖော်ပြသည်။

ဆက်စပ် သတင်းများ