စနေ၊ ဧပြီလ ၂၀ရက်၊ ၂၀၂၄

ရခိုင်တွင် ၄ ရက်အတွင်း ကြိုးဆွဲချသေဆုံးသူ ၃ ဦးရှိ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၂၀ သြဂုတ် ၂၀၂၂
  • | ကြည့်ရှုသူ: 3.2k

နိရဉ္စရာ၊ သြဂုတ် ၁၉/၂၀၂၂

 

ရခိုင်တွင် ၄ ရက်အတွင်း ကြိုးဆွဲချသေဆုံးသူ ၃ ဦးအထိရှိလာကြောင်း သိရသည်။

ကြိုးဆွဲချသေဆုံးသွားသူများမှာ ပေါက်တောမြို့ အမှတ် ၁ ရပ်ကွက်မှ ဒေါ်စိုးစိုး (၃၄ နှစ်)၊ အမ်းမြို့နယ် ရီကြောင်ချိန်ကျေးရွာမှ မောင်ဇေယျာဖြိုး (၁၇ နှစ်)နှင့် စစ်တွေမြို့ စက်ရုံစုရပ်ကွက်မှ ဦးထွန်းသာစိန် (၅၈ နှစ်)တို့ဖြစ်ကြသည်။

 

သူတို့သည် သြဂုတ်လ ၁၆ ရက်မှ ယနေ့ သြဂုတ်လ ၁၉ ရက်အထိ ၃ ရက်အတွင်း သေဆုံးသွားကြခြင်းဖြစ်သည်။

 

၎င်းတို့အနက် ပေါက်တောမြို့မှ မစိုးစိုးသည် ယနေ့ သြဂုတ်လ ၁၉ ရက်၊ နံနက် ၇ နာရီခန့်က သူမ၏နေအိမ်တွင် ကြိုးဆွဲချသေဆုံးသွားခြင်းဖြစ်သည်ဟု သူမနှင့် နီးစပ်သူတစ်ဦးက ပြောသည်။

 

"မနက်က သူ့ယောက်ျား မုန့်သွားစားတဲ့အချိန်ခဏလေးမှာ ဘယ်လိုဖြစ်လို့ ဖြစ်သွားမှန်းမသိဘူး။ သူ့ယောက်ျားလည်း စိတ်မကောင်းဖြစ်လို့ လူတွေနဲ့စကားမပြောဘူးဖြစ်နေတယ်။ အားလုံးကတော့ ကိုယ့်ဟာနဲ့ကိုတော့ ရုန်းကန်ပြီးလုပ်စားနေကြတာပါပဲ။ သူတို့က ရိုးရိုးသားသားနေကြတာပါ။ ဘယ်လိုဖြစ်သွားမှန်းမသိဘူး"ဟု ပြောသည်။

 

သေဆုံးသွားသူ ဒေါ်စိုးစိုးတွင် ခင်ပွန်းဖြစ်သူနှင့်အတူ သားသမီး ၅ ဦး ကျန်ရစ်ခဲ့ကြောင်း သိရသည်။

အမ်းမြို့နယ်မှ ရီကြောင်ချိန်ကျေးရွာမှ မောင်ဇေယျာဖြိုးသည် သြဂုတ်လ ၁၇ ရက် နံနက် ၈ နာရီခန့်တွင် ကျေးရွာတွင်းရှိ ဘုန်းကြီးကျောင်းသို့ရောက်လာပြီး ကျောင်း၌ သင်္ကန်းလှန်းသည့် ကြိုးဖြင့် မိမိကိုယ်ကို ကြိုးဆွဲချသေဆုံးသွားခြင်းဖြစ်သည်ဟု အဆိုပါကျေးရွာမှ ဦးစိုးထွန်းက ပြောသည်။

 

"သူက မွေးရာပါ စိတ်မနှံ့ဝေဒနာကို ခံစားနေရသူဖြစ်ပါတယ်။ ဘုန်းကြီးကျောင်းမှာ ကိုယ့်ကိုယ်သတ်သေသွားတာပါ" ဟု ပြောသည်။

 

စစ်တွေမြို့ စက်ရုံစုရပ်ကွက်မှ ဦးထွန်းသာစိန်သည်လည်း ပြီးခဲ့သည့် သြဂုတ်လ ၁၆ ရက် နေ့လယ်ပိုင်းတွင် ၎င်း၏ နေအိမ်၌ပင် မိသားစုများမရှိချိန်၌ ဆွဲကြိုးချသေဆုံးသွားဖြစ်ကြောင်း သိရသည်။

လက်ရှိရခိုင်တွင် အခြေခံစားသောက်ကုန်စျေးနှုန်းများလည်း စျေးနှုန်းမြင့်တက်လျက်ရှိနေကာ လက်လုပ်လက်စားများအတွက်လည်း ဝင်ငွေနှင့်ထွက်ငွေမမျှသော အခြေအနေသို့ရောက်နေပြီး အကျပ်အတည်းဒဏ်ကိုခံစားနေရကြောင်း လက်လုပ်လက်စားများက ပြောသည်။

 

ထို့ကဲ့သို့အကျပ်အတည်းများကို ရင်ဆိုင်နေရသဖြင့် ၄င်းတို့တွင် စိတ်ဓာတ်ကျမှုဒဏ်များကိုလည်း ခံစားနေရကြောင်း သိရသည်။ (NN-8)

ဆက်စပ် သတင်းများ