ဗုဒ္ဓဟူး၊ ဧပြီလ ၂၄ရက်၊ ၂၀၂၄

ပုဏ္ဏားကျွန်းတွင် သူခိုးများနှင့် လုယက်သူများ သောင်းကျန်းနေ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၂၀ သြဂုတ် ၂၀၂၂
  • | ကြည့်ရှုသူ: 983

နိရဥ္စရာ၊ သြဂုတ် ၁၈/၂၀၂၂
ရခိုင်ပြည်နယ် ပုဏ္ဏားကျွန်းမြို့တွင် သူခိုးများနှင့် လုယက်သူများ သောင်းကျန်းနေသည်ဟု မြို့ခံများက ပြောသည်။
သူခိုးများနှင့် လုယက်သူများသည် နေ့အချိန်နှင့် ညအချိန်တို့တွင် ခိုးယူလုယက်နေကြခြင်းဖြစ်ပြီး စိတ်အနှောင့်အယှက်ဖြစ်နေကြရသည်ဟု မြို့ခံများက ပြောသည်။
ယနေ့ သြဂုတ်လ ၁၈ ရက် နံနက် ၉ နာရီခန့်ကလည်း ပုဏ္ဏားကျွန်းမြို့ စံပြရပ်ကွက်မှ အမျိုးသမီးငယ် ၂ ဦးသည် မြို့ပေါ်ရှိ သမိုင်းဝင်ဦးရာဇ်တော်စေတီတွင် ဘုရားပန်းကပ်လှူပူဇော်ပြီး တောင်အောက်သို့ဆင်းလာစဉ် လူရှင်းသည့် ဂေါပကရုံးအနီး၌ လူငယ် ၁ ဦးက လက်ကိုင်ဖုန်းကို လုယူထွက်ပြေးသွားသည်ဟု သိရသည်။
အမျိုးသမီးငယ် ၂ ဦးအနက် မစန္ဒာစိုး၏လက်ကိုင်ဖုန်း အလုခံလိုက်ရသည်ဟုလည်း သူမနှင့်အတူလိုက်ပါလာသည့် မညွန့်ခိုင်က နိရဥ္စရာကိုပြောသည်။
"ကျမတို့ နှစ်ယောက် ဂေါပကရုံးနဲ့ အနီးမှာရှိတဲ့ အဆင်းလှေကားနားမှာ အလုခံရတာပါ။ ဖုန်းတစ်လုံးတည်းပဲ ပါသွားပါတယ်။ တခြားဘာမှတော့ ပါမသွားဘူး”ဟု ပြောသည်။
ဖုန်းလုသွားသည့်လူငယ်မှာ အသက် ၂ဝ ဝန်းကျင်အရွယ်ဖြစ်ပြီး စေတီတော်ရင်ပြင်တွင် ယခုကဲ့သို့ လုယက်ခံရမှု ယခင်က ဖြစ်ပွားမှုမရှိခဲ့ဖူးဟုလည်း ဂေါပကအဖွဲ့ ဒုတိယဥက္ကဋ္ဌ ဦးသန်းထွန်းက ပြောသည်။
"အခုလုသွားတဲ့ကောင်လေးကိုလည်း CCTV ကနေ စုံစမ်းစစ်ဆေးကြည့်ရဦးမယ်”ဟု ပြောသည်။
ယင်းအပြင် ပုဏ္ဏားကျွန်းမြို့ပေါ်ရှိ အချို့ရပ်ကွက်များတွင်လည်း ညတိုင်းလိုလို သူခိုးများဝင်ရောက်၍ စိတ်အနှောင့်အယှက်ဖြစ်နေကြရသည်ဟု ဒေသခံများက ပြောသည်။
ပြီးခဲ့သည့် သြဂုတ်လ ၁၃ ရက်ကလည်း ပုဏ္ဏားကျွန်းမြို့ စံပြရပ်ကွက်ရှိ နေအိမ်အချို့မှ ဆိုင်ကယ်များနှင့် ဖုန်းများအခိုးခံလိုက်ရပြီး ပုဏ္ဏားကျွန်း-ရသေ့တောင်လမ်းဆုံအနီး ခေမာရာမဘုန်းတော်ကြီးကျောင်းမှလည်း ဒန်အိုးများ အခိုးခံလိုက်ရကြောင်း ဒေသခံများက ပြောသည်။
လက်ရှိရခိုင်တွင် ဆန်စျေးနှင့် ကုန်စျေးနှုန်းများ အဆမတန်မြင့်တက်လျက်ရှိရာ လက်လုပ်လက်စားပြည်သူများတွင် စားဝတ်နေရေးခက်ခဲနေပြီး ခိုးမှု၊ လုယက်မှု၊ ဓားပြမှုများ မြို့တိုင်းနီးပါးတွင် ဖြစ်ပွားလျက်ရှိသည်ဟု သိရသည်။
ယမန်နေ့ သြဂုတ်လ ၁၇ ရက် တစ်ညဥ့်တည်းတွင် ကျောက်တော်မြို့နယ် အပေါက်ဝကျေးရွာရှိ နေအိမ်တစ်လုံးမှ ရွှေသား ၁ဝ ကျပ်ကျော်နှင့် ငွေကျပ်သိန်း ၁ဝဝ ခန့် ခိုးယူခံလိုက်ရသလို မောင်တောမြို့၊ အမှတ်(၃)ရပ်ကွက်ရှိ နေအိမ် ၁ လုံးမှလည်း ရွှေထည်ပစ္စည်းအချို့နှင့် ငွေကျပ်သိန်း ၂ဝ ကျော် ဓားပြတိုက်ခံလိုက်ရသည်ဟု သိရသည်။

ဆက်စပ် သတင်းများ