- Web Master
- ၀၆ အောက်တိုဘာ ၂၀၂၃
နိရဉ္စရာ၊ သြဂုတ်၂၈/၂၀၂၂
ရခိုင်ပြည်နယ်၊ ပုဏ္ဏားကွန်းမြို့နယ်တွင် ယနေ့ နံနက်က လူမှုအဖွဲ့အစည်းများနှင့်ဒေသခံပြည်သူ ၃၀၀ ကျော် ပူးပေါင်း၍ သစ်ပင်ပေါင်း ၁၀၀၀ ကျော် စိုက်ပျိုးခဲ့ကြသည်ဟု သတင်းရရှိသည်။
၎င်းသစ်ပင်များကို ပုဏ္ဏားကျွန်းမြို့၊ ဦးရာဇ်တောင်အနီးတွင်စိုက်ပျိုးခဲ့ကြပြီး စိုက်ပျိုးသည့် သစ်ပင် အမျိုးအစားများမှာ မန်းဇီးချား၊ ကျွန်းဖြူနှင့်ယူကလစ်ပင်တို့ဖြစ်ကြသည်။
အဆိုပါသစ်ပင်များကို ရန်ကုန်ဦးရာဇ်မြေလူမှုရေးအသင်းနှင့် ပုဏ္ဏားကျွန်းမြို့နယ် ဦးရာဇ်မြေ လူမှုရေးအသင်း ဦးစီးကာ ပူးပေါင်းစိုက်ပျိုးခြင်းဖြစ်ကြောင်း ဦးရာဇ်မြေလူမှုရေး အသင်းတာဝန်ရှိသူ တစ်ဦးကပြောသည်။
"သစ်ပင်တချို့ကို အမေရိကန်ရောက် ပုဏ္ဏားကျွန်းမြို့သားတစ်ဦးမှလှူဒါန်းပေးပြီး ဒီနေ့ အပင် ၁၀၀၀ ခန့်စိုက်ပါတယ်။ အပင် ၅၀၀၀ ခန့် စိုက်မယ်လို့ ရည်းမှန်းထားတယ်။ ဒီအပတ်က ဦးရာဇ်တောင်ဘုရား အနီး ပတ်ဝန်းကျင်မှာ၊ နောက်အပတ်တွေမှာ ဂူဝဘုရား ပတ်ဝန်းကျင်နဲ့ မြို့ဧရိယာလမ်းဘေးတွေမှာ စိုက်သွားပါမယ်” ဟု ၎င်းကပြောသည်။
အဆိုပါသစ်ပင်များကို ပုဏ္ဏားမြို့သူမြို့သားများနှင့် နတ်ဆိပ်ကျေးရွာ၊ မင်းဂံကျေးရွာ၊ တန်းစွယ်ကျေးရွာ နှင့် ရေဖြူကန်ကျေးရွာမှ လူငယ်များနှင့် ပုဏ္ဏားကျွန်းမြို့မှ အသင်းဖွဲ ၁၀ ဖွဲ့ခန့်မှ လူပေါင်း ၃၀၀ ကျော် ပူးပေါင်း ပါဝင်စိုက်ပျိုးခဲ့ကြခြင်း ဖြစ်ကြောင်း သိရသည်။
" ဒီလိုပူးပေါင်းစိုက်ပျိုးသင့်တာ ကြာပါပြီ။ ကျွန်တော်တို့မြို့ဒေသတွင်းနဲ့ အခြားဒေသတွေမှာ အပင်တွေနည်းလာမရှိလို့ ရာသီဥတုတွေ မမှန်တာတွေကို လူတိုင်းခံစားနေရပါ အခုဆို မိုးမမှန်တာကြောင် တောင်သူဦးကြီးတွေ အမျိုးမျိုး ဒုက္ခရောက်ကြရတယ်။ ဒီထက် များများအပင်တွေ စိုက်နိုင်အောင် လုပ်ဆောင်ရန်လိုအပ်ကြောင်း ” ပုဏ္ဏားကျွန်းမြို့ ဖွံ့ဖြိုးတိုးတက်ရေး အသင်း(PDYO) ဥက္ကဋ္ဌ ဦးသိန်းဝဏ္ဏက ပြောသည်။
အဆိုပါသစ်ပင်များကို သဘာဝပတ်ဝန်းကျင်၊ ရာသီဥတို့ကောင်းမွန်လာစေရန် ရည်ရွယ်ပြီး စိုက်ပျိုးခဲ့ရခြင်းဖြစ်ကြောင်းလည်း သစ်ပင်စိုက်ပျိုးခဲ့သူများကပြောသည်။
ပြီးခဲ့သည့် ၂၀၂၁ ခုနှစ်ကလည်း ပုဏ္ဏားကျွန်းမြို့ဖွဲဖြိုးတိုးတက်ရေးအသင်း(PDYO) နှင့် ပုဏ္ဏားကျွန်းမြို့ရှိ လူငယ်များပေါင်းကာ ဦးရာဇ်တောင်ဘုရားနှင့် နတ်ဆိပ်ကျေးရွာလမ်းမတွင် ပိတောက်၊ မန်းဇီးချား၊ ယူကလစ်နှင့် ကုက္ကိုပင် ၁၀၀ ကျော်ခန့်ကို စိုက်ပျိုးခဲ့ကြကြောင်း PDYO အသင်း မှသိရသည်။