ကြာသပတေး၊ ဧပြီလ ၂၅ရက်၊ ၂၀၂၄

မနွယ်သန္တာဝင်းအသတ်ခံရမှုဖြစ်စဉ်၌ ရဲကလူသတ်မှုပုဒ်မ ၃၀၂ ဖြင့်အမှုဖွင့်ထားသည့် လူငယ်နှင့်တွေ့ခွင့်ရရန် မိသားစုတောင်းဆို


  • ရေးသူ: Web Master
  • | ရက်စွဲ: ၀၁ စက်တင်ဘာ ၂၀၂၂
  • | ကြည့်ရှုသူ: 801

နိရဥ္စရာ၊ စက်တင်ဘာ ၁/၂၀၂၂

ရခိုင်ပြည်နယ်၊ စစ်တွေမြို့တွင် မနွယ်သန္တာဝင်းအသတ်ခံရမှုနှင့်ပတ်သက်ပြီး ရဲတပ်ဖွဲ့က  လူသတ်မှုပုဒ်မ ၃ဝ၂ ဖြင့် အမှုဖွင့်ထားသည့် လူငယ်နှင့်တွေ့ခွင့်ရန် မိသားစုက တောင်းဆိုလိုက်သည်။

၎င်းလူငယ်မှာ မြေပုံမြို့နယ်၊ ကမ်းထောင်းကြီးမြို့၊ (၅)ရပ်ကွက်မှ ဦးသိန်းမောင်နှင့် ဒေါ်လှသိန်းနွယ်တို့၏သား အသက် ၂ဝ အရွယ် မောင်မျိုးချစ်စိုးဖြစ်သည်။

၎င်းကို မနွယ်သန္တာဝင်းအသတ်ခံရမှုနှင့်ပတ်သက်ပြီ  လူသတ်မှုပုဒ်မ ၃ဝ၂ ဖြင့် အမှုဖွင့်ထားကာ  ယမန်နေ့ သြဂုတ်လ ၃၁ ရက်တွင် စစ်တွေမြို့နယ်တရားရုံး၌ ရုံးထုတ် စစ်ဆေးခဲ့သည်ဟုလည်း သိရသည်။

မိခင်ဖြစ်သူ ဒေါ်လှသိန်းနွယ်က "ဒီဘေးခန်းမှာ လူသေနေတာမသိဘူးလားမေးတယ်လို့ပြောတယ်။ ကျွန်မသားက မသိဘူးလို့ဖြေတော့ ဒီလောက်လူသေနေတာကိုတောင် မသိရကောင်းလားဆိုပြီး ခေါ်သွားတယ်လို့ပြောတယ်။ အဲ့ဒီအချိန်မှာ ဆိုင်ကမန်နေဂျာက မြင်ပြီးတော့ ကျွန်တော့် လူကိုဘာလို့ ဖမ်းတာလဲမေးတော့ စခန်းမှူးက ခဏလေးစစ်ဆေးစရာရှိလို့ စစ်ဆေးဖို့ခေါ်တာပါလို့ ပြောပြီး ကားနဲ့ဖမ်းခေါ်သွားတာပါ။ အဲ့ဒီနေ့ကနေ ဒီနေ့ထိ တွေ့ခွင့်မရဘူး"ဟု နိရဉ္စရာသတင်းဌာနကို  ပြောသည်။

မောင်မျိုးချစ်စိုးကို ပြီးခဲ့သည့် သြဂုတ်လ ၁၆ ရက် နံနက် ၈ နာရီအချိန်တွင် စစ်တွေမြို့မရဲစခန်းက လာရောက် ခေါ်ယူ ဖမ်းဆီးသွားခဲ့ခြင်းဖြစ်ပြီး ယနေ့အချိန်ထိ တွေ့ခွင့်မရသေးဟု မိခင်ဖြစ်သူက ပြောသည်။

မောင်မျိုးချစ်စိုးသည် မနွယ်သန္တာဝင်းအသတ်ခံရသည့် ဆိုင်အနီးအနားမှ ဂတ်စ်ဆိုင်၌ အလုပ် လုပ်နေသည့် လူရိုး၊ လူအတစ်ဦးဖြစ်ပြီး မတရားမှုကိုမကျူးလွန်မိဘဲ မတရားစွပ်စွဲခံရမည်ကိုလည်း စိုးရိမ်နေသည်ဟု မိခင်ဖြစ်သူ ဒေါ်လှသိန်းနွယ်က ဆက်ပြောသည်။

"မတရားဖမ်းဆီးထားတော့ အမြန်ဆုံးလွတ်စေချင်တယ်။ အပြစ်မကျူးလွန်ဘဲ ကျွန်မသားက မတရားချောက်ချခံရတာ။ လူပျိုတစ်ယောက်ကို မတရားအညွန့်ချိုး စွပ်စွဲဖမ်းဆီးထားတာ။ ကျွန်မမှာတော့ မစားနိုင်မသောက်နိုင်နဲ့။ မျက်ရည်နဲ့မျက်ခွက်ဖြစ်နေရတယ်။ ငိုပြီးတာ့ ခဏလေးတွေ့ရရင်ရပါပြီလို့ ရဲစခန်းမှာတွေ့ခွင့်တောင်းရင်တောင် အမေတစ်ယောက်ရဲ့ ခံစားချက်ကိုသိတယ်။ စခန်းမှူးက မတွေ့ခိုင်းတာလို့ ပြောတယ်" ဟု ပြောသည်။

မန်နေ့ကမောင်မျိုးချစ်စိုးကို ရုံးထုတ်လာသော်လည်း မိသားစုနှင့် တွေ့ခွင့်မရခဲ့ကြောင်း၊  သူ့တွင် ရိုက်နှက်ခံထားရသည့် ဒဏ်ရာများတွေ့ခဲ့ရကြောင်း မိခင်းဖြစ်သူက ဆက်လက်ပြောဆိုသည်။

"အရမ်းကို ရိုက်နှက်ထားကြလို့ နားနှစ်ဖက်လည်း ဘာမှမကြားရတော့ဘူး။ ခန္ဓာကိုယ်တွေမှာလည်း ဒဏ်ရာဒဏ်ချက်တွေနဲ့ဖြစ်လို့ ဆေးဝယ်ပေးခဲ့ရတယ်။ ပြီးတော့ ကျွန်မသားမှာ အဆောင်မှာ လှန်းထားခဲ့တဲ့ အဝတ်တွေကိုယူပြီး ဘယ်ကမှန်းမသိတဲ့ သွေးတွေ။ အသတ်ခံရတဲ့ မိန်းကလေးရဲ့ သွေးတွေလားဘာလား။ ဘယ်ကမှန်းမသိတဲ့သွေးတွေ သုတ်ပြီးတော့ မင်းတို့ကောင်မလေးကို သတ်တယ်မလားဆိုပြီး ရိုက်ပြီးမေးကြတယ်လို့ သားကထွက်ဆိုတယ်။ မင်းလုပ်နေတဲ့ဆိုင်က သူဌေးနဲ့ပေါင်းသတ်ပြီး ဒီဘက်ဆိုင်ထဲကိုအလောင်းပစ်ချလိုက်တာမလားဆိုပြီး အတင်းမေးကြတယ်လို့ တရားရုံးမှာပြောတာကို ကျွန်မအပြင်က ကြားရတယ်" ဟု ပြောသည်။

မောင်မျိုးချစ်စိုးကို လာမည့် စက်တင်ဘာလ ၁၄ ရက်တွင် ထပ်မံရုံးချိန်းခေါ်ယူထားသည်ဟုလည်း မိခင်ဖြစ်သူက ပြောသည်။

မောင်မျိုးချစ်စိုးသည် အတန်းပညာကို ၄ တန်းအထိသာသင်ကြားခဲ့ရပြီး ၉ နှစ်အရွယ်တွင် ကိုယ်ရင်ဝတ်ကာ ရန်ကုန်နှင့် မိတ္ထိလာတွင် သာမဏေကျော်ဖြေရန် သထုံစာသင်တိုက်သို့ရောက်ရှိခဲ့ပြီး ထိုမှတစ်ဆင့် သာမဏေကျော်ဘွဲ့ဖြေကာ အောင်မြင်ခဲ့သူဖြစ်သည်ဟုလည်း သိရသည်။

 သာမဏေကျော်ဘွဲ့အောင်မြင်ပြီးနောက် လင်္ကာရဘွဲ့ဆက်ဖြေကာ ၄ နှစ်အောင်မြင်ပြီး နောက်တစ်နှစ်ဖ ြေဆိုရန် ကိုဗစ်ပိုးတွေ့ရှိသည်ဟုဆိုကာ ရွာပြန်လာ၍ လူထွက်ခဲ့သူဖြစ်သည်ဟု သိရသည်။

ယင်းနောက် ပြီးခဲ့သည့် ဇန်နဝါရီလမှစတင်ကာ စစ်တွေမြို့၊ ဘောလုံးကွင်းရပ်ကွက်၊ မေယုလမ်းပေါ်ရှိ ဂတ်စ်ဆိုင်၌ ဝင်ရောက်အလုပ်ကိုင်နေသူဖြစ်သည်ဟုလည်း မိသားစုက ပြောသည်။

သူအလုပ်လုပ်ကိုင်သည့်ဆိုင်နှင့် ကပ်ရပ်ရှိ "Luminous/Livguard” ပလပ်စတစ်ပစ္စည်းနှင့် လူသုံးကုန်အရောင်းအဝယ်ဆိုင်၌ အလုပ်လုပ်နေသော အသက် ၁၈ နှစ်အရွယ် မနွယ်သန္တာဝင်းသည် ဝမ်းဗိုက်၌ ဓားထိုးဒဏ်ရာနှင့် လည်ပင်း၌ညိုမဲဒဏ်ရာများဖြင့်သေဆုံးနေသည်ကို သြဂုတ်လ ၁၅ ရက် ညနေပိုင်းက ဆိုင်အတွင်းရှိ စတိုခန်းတွင်တွေ့ရှိခဲ့သည်ဟု သိရသည်။

သူမအသတ်ခံရမှုကိစ္စကို ရဲတပ်ဖွဲ့နှင့် ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်(ULA)တို့က ကိုင်တွယ်လျက်ရှိပြီး သံသယရှိသူများကိုလည်း နှစ်ဘက်စလုံးက ခေါ်ယူစစ်ဆေးလျက်ရှိသည်ဟု သိရသည်။

ယင်းသို့ စစ်ဆေးလျက်ရှိစဉ် ယမန်နေ့ သြဂုတ်လ ၃၁ ရက်တွင် မနွယ်သန္တာဝင်းအသတ်ခံရမှု၌ ပြစ်မှုကျူးလွန်သူကို ဖော်ထုတ်ရမိပြီဟု ULA က တရားဝင် ထုတ်ပြန်ခဲ့သည်။

သို့သော် ပြစ်မှုကျူးလွန်သူမှာ မည်သူမည်ဝါဖြစ်သည်ဆိုသည်ကို ထုတ်ပြန်ချက်တွင် ထည့်သွင်း ဖော်ပြထားခြင်းမရှိ၍ သေဆုံးသူ၏မိသားစုဝင်များအပါအဝင် ထိုအမှုကို စိတ်ဝင်စားသူများက ပြစ်မှုကျူးလွန်သူကို ထုတ်ပြန်ပေးရန် တောင်းဆိုလျက်ရှိသည်။ (NN-12)

ဆက်စပ် သတင်းများ