သောကြာ၊ မတ်လ ၂၉ရက်၊ ၂၀၂၄

ဘူးသီးတောင်တွင် ၁၈ နှစ်အရွယ် ဆယ်တန်းကျောင်းသားတစ်ဦး ဆင်နင်းခံရ၍ ပွဲချင်းပြီးသေဆုံး


  • ရေးသူ: Web Master
  • | ရက်စွဲ: ၀၂ ဇန်နဝါရီ ၂၀၂၃
  • | ကြည့်ရှုသူ: 4k

နိရဥ္စရာ၊ ဇန်နဝါရီ ၂/ ၂ဝ၂၃

ရခိုင်ပြည်နယ် ဘူးသီးတောင်မြို့နယ် စံညင်းဝေကျေးရွာတွင် ၁၈ နှစ်အရွယ် မူဆလင်လူငယ် ၁ ဦးသည် ဆင်နင်းခံလိုက်ရ၍ ပွဲချင်းပြီးသေဆုံးသွားခဲ့သည်ဟု ဒေသခံများက ပြောသည်။

သေဆုံးသွားသူမှာ ဘူးသီးတောင်မြို့နယ် ကွန်တိုင်ကျေးရွာအုပ်စု ဝါချိလ္လာကျေးရွာမှ မာမတ်ဆူတင်၏သား ၁ဝ တန်းကျောင်းသား ဇာဟက်တူဆောင်း(၁၈)နှစ်ဖြစ်သည်။

သူသည် မူဆလင်အဖော်တစ်ဦးနှင့်အတူ ပြီးခဲ့သည့် ဒီဇင်ဘာလ ၃၁ ရက်၊ ည ၁၁ နာရီခွဲခန့်တွင် ဘူးသီးတောင်မြို့နယ် စံညင်းဝေကျေးရွာအနီးရှိ ယောက်ဖဖြစ်သူ၏လယ်ကွင်း၌ စပါးပုံများအားစောင့်နေစဉ် ဆင်များရောက်ရှိလာပြီး နင်းသတ်ခဲ့ခြင်းဖြစ်သည်ဟု ဆွေမျိုးတော်စပ်သူတစ်ဦးက ပြောသည်။

ဆင်တွေလာတော့ သူတို့က ကြောက်ပြီးပြေးတာ။ တစ်ယောက်ကတော့ လွတ်သွားတယ်။ သေဆုံးသွားတဲ့သူမှာတော့ ဦးခေါင်းပြိုပြီး ဦးနှောက်တွေတောင်ထွက်သွားတယ်။ ပြီးတော့ ဗိုက်ကိုလည်း အနင်းခံရလို့ ဆုံးသွားတာဟု ပြောသည်။

သေဆုံးသွားသူ၏ရုပ်အလောင်းကို ယမန်နေ့နေ့လယ်က သူ၏ဇာတိရွာသုသာန်တွင် သင်္ဂြိုလ်ခဲ့သည်ဟု ရွာသားများက ပြောသည်။

 ပြီးခဲ့သည့် ဒီဇင်ဘာလ ဒီဇင်ဘာလ ၁၉ ရက် ညအချိန်ကလည်း ဘူးသီးတောင်မြို့နယ် ငကျည်တောက်ကျေးရွာနှင့် အောင်လံပြင်ကျေးရွာအကြားရှိ လူသွားလမ်းဘေးတွင် ဆင်နင်းခံရ၍ အသက် ၃ဝ မှ ၄ဝ ပတ်ဝန်းကျင် မူဆလင်အမျိုးသား ၂ ဦးသေဆုံးသွားခဲ့သေးသည်ဟု ငကျည်တောက်ရွာအုပ်ချုပ်ရေးမှူး ဦးအောင်နိုင်က နိရဥ္စရာကို ပြောဆိုထားသည်။

ပြီးခဲ့သည့် ၂ဝ၂၁ ခုနှစ်၊ နိုဝင်ဘာလ ၁၈ ရက် ည ၁ဝ နာရီခန့်ကလည်း ဘူးသီးတောင်မြို့နယ် ကျီးနှုတ်သီးကျေးရွာတွင် တောဆင်ရိုင်းနင်းခံရ၍ စပါးခင်းတစ်ခုအတွင်းညကင်းစောင့်နေသည့် မူဆလင်အမျိုးသား ဦးခေါ်လီမူလ္လာ (၃၈) နှစ်သေဆုံးမှုဖြစ်ပွားခဲ့သေးသည်

ယင်းအပြင် ပြီးခဲ့သည့် ၂ဝ၂ဝ ပြည့်နှစ်၊ ဒီဇင်ဘာလ ၁ ရက်ကလည်း မောင်တောမြို့နယ်မှ ဝေလာတောင်ကျေးရွာသားတစ်ဦးသည်လည်း မောင်တောမြို့သို့ ဆေးခန်းပြရန်သွားစဉ် ရွာ၏တောင်ဘက် ဒုံးချောင်းတံတားအနီးတွင် ဆင်နင်းခံရ၍ သေဆုံးသွားခဲ့သေးသည်။

တောဆင်ရိုင်းများသည် တောတောင်များတွင် အစာရေစာရှားပါးလာနေသည့်အတွက် ယခုကဲ့သို့ စပါးပေါ်သည့် ရာသီများတွင် စပါးခင်းများသို့လာရောက်စားသောက်လေ့ရှိပြီး လူများကိုလည်း တိုက်ခိုက်လေ့ရှိတတ်ကြသည့်အတွက် အထူးသတိထားကြရန်လိုအပ်သည်ဟု ဒေသခံများက ပြောဆိုနေကြသည်။

ဆက်စပ် သတင်းများ