သောကြာ၊ မေလ ၁၀ရက်၊ ၂၀၂၄

ကျောက်ဖြူ၊ င/လပွေ့ချောင်းကို ဖြတ်ကူးသည့် ၆ တန်းကျောင်းသားနှစ်ဦး ရေနစ်ပျောက်ဆုံးနေ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၀၉ ဇူလိုင် ၂၀၂၃
  • | ကြည့်ရှုသူ: 576

ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့၊ င/လပွေ့ချောင်းကို ဖြတ်ကူးခဲ့သည့် ၆ တန်းကျောင်းသားနှစ်ဦးမှာ ရေနစ် ပျောက်ဆုံးနေကြောင်း င/လ ပွေ့ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးထွန်းထွန်းနိုင်က နိရဥ္စရာသို့ ပြောသည်။

ရေနစ်ပျောက်ဆုံးနေသူနှစ်ဦးမှာ ကျောက်ဖြူမြို့၊ င/လ ပွေ့ရပ်ကွက်မှ ဦးညီရွှေဝင်း၏သား မောင်ညီကိုဝင်းနှင့် ဒေါ်စိတ်ကေမ၏သား မောင်ပုတုတို့ဖြစ်သည်။

သူတို့နှစ်ဦးသည် ယမန်နေ့ ဇူလိုင်လ ၈ ရက်၊ နေ့လယ်တစ်နာရီကျော်ခန့်က နောက်ထပ် ၆ တန်း ကျောင်းသားတစ်ဦးအပါအဝင် ရွယ်တူသူငယ်ချင်းတစ်ဦး၊ စုစုပေါင်း ၄ ဦးတို့သည် ငလပွေ့ကမ်းဘက်မှ တစ်ဘက်ကမ်းရှိ တောင်ရှည်ကျေးရွာဘက်သို့ ငှက်ပစ်ရန်သွားရောက်ခဲ့ကြကြောင်း သိရသည်။

အဆိုပါတောင်ရှည်ရွာဘက်ကမ်းမှ အပြန်တွင် ဒီရေကျချိန်ဖြစ်၍ ငလပွေ့ဘက်ကမ်းသို့ ချောင်းအတွင်း လက်ပစ်ကူးဖြတ်ကူးကြစဉ် မောင်ညီကိုဝင်းနှင့် မောင်ပုတုတို့မှာ ရေနစ်ပျောက်ဆုံးသွားခဲ့ခြင်း ဖြစ်ကြောင်း သူက ပြောသည်။

င/လ ပွေ့အုပ်ချုပ်ရေးမှူး ဦးထွန်းထွန်းနိုင်က "အဲဒီပျောက်နေတဲ့ကလေးတွေကို ကျွန်တော်တို့ အခုမနက်ထိရှာနေတယ်။ မတွေ့သေးပါဘူး" ဟု ပြောသည်။

အဆိုပါကျောင်းသားနှစ်ဦး ရေနစ်မြုပ်နေစဉ် တစ်ဖွဲ့တည်းပါလာသည့် သူငယ်ချင်းဖြစ်သူ ငပုတိုဆိုသူက ဆယ်ယူရန်ကြိုးစားခဲ့သေးသော်လည်း နှစ်ဦးနှင့် တစ်ဦးမို့ အားမမျှဖြစ်ကာ ငပုတိုမှာ အမောဖောက်ပြီး သတိလစ်သွားခဲ့၍ ဆေးရုံတင်ထားရသည်ဟုလည်း သိရသည်။

င/လ ပွေ့အုပ်ချုပ်ရေးမှူး ဦးထွန်းထွန်းနိုင်က "အဲဒီဆေးရုံတင်ထားရတဲ့ ကောင်လေးကိုလည်း ကျွန်တော်တို့ ကလေးတွေပျောက်လို့လိုက်ရှာတဲ့အခါ ကမ်းစပ်တစ်နေရာမှာ သတိလစ်နေပြီးတော့ တွေ့တာပါ။ သူက သူငယ်ချင်းတွေကို ဆယ်ဖို့ကြိုးစားခဲ့တယ်လို့ပြောတယ်။ နှစ်ယောက်နဲ့ တစ်ယောက်ဆိုတော့ အားမမျှဘဲ သူလည်း အမောဖောက်သွားတာ" ဟု ပြောသည်။

ကျန်တစ်ဦးမှာ တစ်စုံတစ်ရာဖြစ်ပွားမှုမရှိခဲ့ဟု သိရသည်။

ရေနစ်ပျောက်ဆုံးနေသည့်ကျောင်းသားနှစ်ဦးကို ယမန်နေ့ ညနေ ၄ နာရီခန့်မှစတင်ကာ မိုးချုပ်သည်အထိ ရပ်ကွက်တာဝန်ရှိသူများနှင့် ကယ်ဆယ်ရေးအဖွဲ့များက ချောင်းကြောင်းတစ်လျှောက် လိုက်လံရှာဖွေခဲ့သော်လည်း မတွေ့ရှိခဲ့ကြပေ။

ယနေ့ ဇူလိုင် ၉ ရက်၊ နံနက်ပိုင်းမှာလည်း ဆက်လက်ရှာဖွေနေဆဲဖြစ်ပြီး လက်ရှိအချိန်ထိ ရေနစ်ပျောက်ဆုံးခဲ့သည့်ကျောင်းသားနှစ်ဦးကို မတွေ့ရှိသေးကြောင်း သိရသည်။ (NN-23)

ဆက်စပ် သတင်းများ