ကြာသပတေး၊ ဧပြီလ ၂၅ရက်၊ ၂၀၂၄

တောင်ကုတ်တွင် ဖမ်းမိသော မူဆလင်များအား ကားဖြင့်ခေါ်ဆောင်လာသူ ယာဉ်မောင်း ၂ ဦးကို လူမှောင်ခိုတင်ဆောင်လာမှုပုဒ်မဖြင့်အရေးယူ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၂၃ ဒီဇင်ဘာ ၂၀၂၁
  • | ကြည့်ရှုသူ: 9.1k

သဥ္ဇာနွယ်
နိရဥ္စရာ၊ ဒီဇင်ဘာ ၂၂ / ၂၀၂၁
ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့တွင် ဖမ်းဆီးရမိသော မူဆလင်များအား ကားဖြင့်ခေါ်ဆောင်လာသူ ယာဉ်မောင်း ၂ ဦးကို လူမှောင်ခိုတင်ဆောင်လာမှုပုဒ်မဖြင့် အရေးယူလိုက်ပြီဖြစ်ကြောင်း သိရသည်။
အရေးယူခြင်းခံရသူနှစ်ဦးမှာ မကွေးတိုင်းဒေသကြီး မင်းတုန်းမြို့နယ် စစ်ကုန် အမှတ်(၁)ရပ်ကွက်မှ ယာဉ်မောင်း ဦးမိုးဝင် (၂၃ နှစ်)နှင့် ရန်ကုန်တိုင်းဒေသကြီး လှည်းကူးမြို့နယ် စခန်းကြီးကျေးရွာ၊ အောင်မင်္ဂလာရပ်ကွက်မှ ယာဉ်နောက်လိုက် ဦးစည်သူ (၂၄ နှစ်)တို့ဖြစ်သည်။
၄င်းတို့ကို ယနေ့ ဒီဇင်ဘာ ၂၂ ညနေ ၆ နာရီခန့်က တရားမဝင် လူမှောင်ခိုတင်ဆောင်လာမှု ရာဇသတ်ကြီးပုဒ်မ ၃၆၇ ဖြင့် အရေးယူဆောင်ရွက်ထားသည်ဟု တောင်ကုတ်မြို့မရဲစခန်းမှ ရဲအရာရှိတစ်ဦးက နိရဥ္စရာကို ပြောသည်။
“သူတို့ နှစ်ယောက်ကိုတော့ အရေးယူထားပါပြီ။ ဖမ်းမိတဲ့ ဘင်္ဂါလီတွေကိုတော့ ကျနော်တို့ ဘာမှမလုပ်ပါဘူး။ လဝက ကပဲ စစ်ဆေးနေပါတယ်” ဟုပြောသည်။
တောင်ကုတ်မြို့နယ်၊ ဂွေးတောက်ရွာနှင့် မျောက်ငို့ကွေ့ကြား ရိုးတောင်ပေါ်တွင် ယနေ့ ဒီဇင်ဘာ ၂၂ ရက်နေ့ ည ၂ နာရီတွင် မောင်တောမှ ရန်ကုန်သို့သွားသော အထောက်အထားမဲ့ မူဆလင် ၇၇ ဦးကို ဖမ်းမိခဲ့ပြီး ယင်းအနက် ကလေးငယ် ၁ ဦးသည် အာဟာရပြတ်ကာသေဆုံးသွားခဲ့သည်ဟု သိရသည်။
ဖမ်းဆီးခံရသူများတွင် အမျိုးသား ၁၇ ဦး၊ အမျိုးသမီး ၄၉ ဦး၊ ကလေး ကျား ၃ ဦးနှင့် မ ၈ ဦးတို့ ပါဝင်သည်ဟု သိရသည်။
၄င်းတို့ကို HINO အမျိုးအစား ၆ ဘီးယာဉ်ဖြင့် သယ်ဆောင်လာခဲ့ခြင်းဖြစ်သည်ဟု သိရသည်။

ဆက်စပ် သတင်းများ