ကြာသပတေး၊ မတ်လ ၂၈ရက်၊ ၂၀၂၄

တောင်ကုတ်တွင် ဖမ်းမိသော မူဆလင် ၇၆ ဦးအနက် ၃၃ ဦးကို ထောင် ၁ နှစ်စီချမှတ်၊ အသက်မပြည့်သူ ၄၃ ဦးကို ဆက်လက်ထိန်းသိမ်းထား


  • ရေးသူ: Web Master
  • | ရက်စွဲ: ၃၀ ဒီဇင်ဘာ ၂၀၂၁
  • | ကြည့်ရှုသူ: 8.5k

သဥ္ဇာနွယ်
နိရဥ္စရာ၊ ဒီဇင်ဘာ ၂၈ /၂၀၂၁
ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့နယ်တွင် ဖမ်းမိသော မူဆလင် ၇၆ ဦးအနက် ၃၃ ဦးကို ထောင်ဒဏ် ၁ နှစ်စီချမှတ်လိုက်ကြောင်း တောင်ကုတ်မြို့မရဲစခန်းမှ ဒုရဲအုပ် ခင်မောင်ဆန်းက နိရဥ္စရာကိုပြောသည်။
"အသက်ပြည့်တဲ့သူ ၃၃ ယောက်ကိုတော့ ထောင်ဒဏ်ချမှတ်လိုက်ပါပြီ။ ကျန်တဲ့သူတွေကိုတော့ လဝက က ထိန်းသိမ်းထားတယ်"ဟုပြောသည်။
ထောင်ဒဏ်ချမှတ်ခံရသောသူများတွင် အမျိုးသမီး ၂၅ ဦးနှင့် အမျိုးသား ၈ ဦးတို့ပါဝင်ပြီး ၄င်းတို့ကို ယနေ့ ဒီဇင်ဘာလ ၂၈ ရက်တွင် တောင်ကုတ်မြို့နယ်တရားရုံးက လဝကဥပဒေပုဒ်မ ၆(၂)/၆(၃) ဖြင့် ထောင်ဒဏ်ချမှတ်ခဲ့ခြင်းဖြစ်သည်ဟု ဒုရဲအုပ် ခင်မောင်ဆန်းက ပြောသည်။
အသက်မပြည့်သေးသည့် ကျန် ၄၃ ဦးကို တရားသူကြီးက တစ်စုံတစ်ရာမဆုံးဖြတ်ရသေးသည့်အတွက် မည်သို့ဆက်လက်အရေးယူမည်ဆိုသည်ကိုမသိရသေးဟုလည်း ဆိုသည်။
မောင်တောမြို့နယ်မှ ရန်ကုန်သို့ အထောက်အထားမဲ့သွားသည့် မူဆလင် ၇၇ ဦးကို တောင်ကုတ်မြို့နယ် ဂွေးတောက်ရွာနှင့် မျောက်ငို့ကွေ့ကြား ရိုးတောင်ပေါ်တွင် ဒီဇင်ဘာ ၂၂ ရက် ညဉ့် ၂ နာရီခန့်က ဖမ်းဆီးခံခဲ့ရခြင်းဖြစ်သည်။
ယင်းအနက် ကလေး ၁ ဦးမှာ အာဟာရပြတ်လတ်ပြီး လမ်းတွင် သေဆုံးသွားခဲ့သည်ဟု တောင်ကုတ်မြို့မ ရဲစခန်းမှ ရဲအရာရှိတစ်ဦးက ပြီးခဲ့သည့် ရက်ပိုင်းအတွင်းက နိရဥ္စရာကိုဖြေဆိုထားသည်။
ယခုနောက်ပိုင်း ရန်ကုန်မှတဆင့် မလေးရှားနိုင်ငံသို့ အထောက်အထားမဲ့ထွက်ခွာသည့် မူဆလင်များကို ရခိုင်ပြည်နယ်အတွင်း ပုဏ္ဏားကျွန်း၊ စစ်တွေ၊ ဂွနှင့်တောင်ကုတ်တွင် ရာနှင့်ချီဖမ်းမိလာကြောင်း သိရသည်။
ဘင်္ဂလားပင်လယ်အော်အတွင်း ပြီးခဲ့သည့် နိုဝင်ဘာ ၂၉ ရက်ကဖမ်းမိခဲ့သည် မူဆလင် ၂၀၀ ကျော်အနက် ၁၀၉ ဦးကို လဝက ဥပဒေ ၁၃ (၁)ဖြင့် မောင်တောမြို့နယ်တရားရုံးက ဒီဇင်ဘာလ ၁၅ ရက်တွင် ထောင်ဒဏ် ၅ နှစ်စီချမှတ်ခဲ့ကြောင်း သိရသည်။
အသက်မပြည့်သူများကိုမူ လဝက ဥပဒေ ၁၃ (၁)ဖြင့် မောင်တောမြို့နယ်တရားရုံးကဆိုဆုံးမကာ ပြန်လွှတ်ပေးခဲ့သည်ဟု သိရသည်။

ဆက်စပ် သတင်းများ