ကြာသပတေး၊ ဧပြီလ ၂၅ရက်၊ ၂၀၂၄

တောင်ကုတ်တွင် အမိန့်ချရန်ကျန်နေသေးသည့် မူဆလင် ၄၃ ဦးအနက် ၁၁ ဦးကို ထောင် ၁ နှစ်စီချမှတ်


  • ရေးသူ: Web Master
  • | ရက်စွဲ: ၃၁ ဒီဇင်ဘာ ၂၀၂၁
  • | ကြည့်ရှုသူ: 4.4k

သဥ္ဇာနွယ်
နိရဥ္စရာ၊ ဒီဇင်ဘာ ၂၉ /၂၀၂၁
ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့နယ်တွင် ဖမ်းမိပြီးနောက် အမိန့်ချမှတ်ရန်ကျန်နေသေးသည့် မူဆလင် ၄၃ ဦးအနက် ၁၁ ဦးကို ယနေ့တွင် ထောင်ဒဏ် ၁ နှစ်စီချမှတ်လိုက်ကြောင်း သိရသည်။
ထောင်ဒဏ် ၁ နှစ်စီချမှတ်ခံရသူများမှာ အသက် ၁၈ နှစ်အထက်ရှိသည့် အမျိုးသမီးများဖြစ်ပြီး ယနေ့ ဒီဇင်ဘာလ ၂၉ ရက် ညနေ ၃ နာရီတွင် တောင်ကုတ်မြို့နယ်တရားရုံးက လဝကဥပဒေပုဒ်မ ၆(၂)/၆(၃) ဖြင့် ထောင်ဒဏ်ချမှတ်ခံခဲ့ရခြင်းဖြစ်သည်ဟု တောင်ကုတ်မြို့မရဲစခန်းမှ ဒုရဲအုပ် ခင်မောင်ဆန်းက နိရဥ္စရာကို ပြောသည်။
“အသက် ၁၈ နှစ်အထက် လူတွေကို ထောင်ဒဏ် ၁ နှစ်ချလိုက်တယ်။ ကျန်တဲ့သူတွေကိုတော့ ဒဏ်ငွေ ၅၀၀ ဆောင်ခိုင်းပြီး ပြန်လွှတ်ပေးလိုက်တယ်”ဟု ပြောသည်။
ကျန် အသက်မပြည့်သေးသူ ၃၂ ဦးအနက် ၁၈ နှစ်အောက်မှ ၁ဝ နှစ်အတွင်း ၁၆ ဦးကို ဒဏ်ငွေ ၅ဝဝ ဆောင်ခိုင်းကာ ပြန်လွှတ်ပေးခဲ့ပြီး ကျန် ၁ဝ နှစ်အောက် ကလေး ၁၆ ဦးကို ယာယီထိန်းသိမ်းထားဆဲဖြစ်သည်ဟုလည်း သိရသည်။
၄င်းတို့ ၄၃ ဦးအပါအဝင် နောက်ထပ် ၃၄ ဦး၊ စုစုပေါင်း ၇၇ ဦးသည် မောင်တောမြို့နယ်မှ ရန်ကုန်သို့ အထောက်အထားမဲ့သွားလာမှုကြောင့် ဒီဇင်ဘာ ၂၂ ရက် ညဉ့် ၂ နာရီခန့်က တောင်ကုတ်မြို့နယ် ဂွေးတောက်ရွာနှင့် မျောက်ငို့ကွေ့ကြား ရိုးတောင်ပေါ်တွင် ဖမ်းဆီးခံခဲ့ရခြင်းဖြစ်သည်။
ယင်းအနက် အသက်မပြည့်သည့်ကလေးတစ်ဦးသည် အာဟာရပြတ်ကာသေဆုံးသွားခဲ့သည်ဟု သိရသည်။
ဖမ်းမိသူများတွင်ပါဝင်သည့် အမျိုးသမီး ၂၅ ဦးနှင့် အမျိုးသား ၈ ဦး၊ စုစုပေါင်း ၃၃ ဦးကို ယမန်နေ့ ဒီဇင်ဘာလ ၂၈ ရက်တွင် တောင်ကုတ်မြို့နယ်တရားရုံးက လဝကဥပဒေပုဒ်မ ၆(၂)/၆(၃) ဖြင့် ထောင်ဒဏ် ၁ နှစ်စီချမှတ်ခဲ့သည်ဟု သိရသည်။
ဘင်္ဂလားပင်လယ်အော်အတွင်း ပြီးခဲ့သည့် နိုဝင်ဘာ ၂၉ ရက်ကဖမ်းမိခဲ့သည် မူဆလင် ၂၀၀ ကျော်အနက် ၁၀၉ ဦးကိုလည်း လဝက ဥပဒေ ၁၃ (၁)ဖြင့် မောင်တောမြို့နယ်တရားရုံးက ဒီဇင်ဘာလ ၁၅ ရက်တွင် ထောင်ဒဏ် ၅ နှစ်စီချမှတ်ခဲ့ကြောင်း သိရသည်။
အသက်မပြည့်သူများကိုမူ လဝက ဥပဒေ ၁၃ (၁)ဖြင့် မောင်တောမြို့နယ်တရားရုံးကဆိုဆုံးမကာ ပြန်လွှတ်ပေးခဲ့သည်ဟု သိရသည်။

ဆက်စပ် သတင်းများ