အင်္ဂါ၊ ဧပြီလ ၂၃ရက်၊ ၂၀၂၄

စစ်တွေမှ ၁ဝ တန်းကျောင်းသူကို တရုတ်တွင် သားမယားအဖြစ်ရောင်းစားသည့်အမျိုးသမီးအား အလုပ်နှင့် ထောင်ဒဏ် နှစ် ၂ဝ ချမှတ်


  • ရေးသူ: Web Master
  • | ရက်စွဲ: ၂၆ ဖေဖော်ဝါရီ ၂၀၂၂
  • | ကြည့်ရှုသူ: 1.3k


ချစ်အိလှိုင်
နိရဥ္စရာ၊ ဖေဖော်ဝါရီ ၂၅/ ၂ဝ၂၂
ရခိုင်ပြည်နယ်၊ စစ်တွေမြို့မှ ၁ဝ တန်းကျောင်းသူတစ်ဦးကို တရုတ်နိုင်ငံတွင် သားမယားအဖြစ်လုပ်ကိုင်ရန် ရောင်းစားခဲ့သည့် အမျိုးသမီးတစ်ဦးအား စစ်တွေခရိုင်တရားရုံးက အလုပ်နှင့် ထောင်ဒဏ် နှစ် ၂ဝ ချမှတ်လိုက်သည်ဟု သိရသည်။
ထောင်ဒဏ်ချမှတ်ခံရသူမှာ စစ်တွေမြို့၊ ကသဲရပ်ကွက် အကွက်(၂) တွင် နေထိုင်သူ ဒေါ်မချေ(ခေါ်) မသန်း(၆၄ နှစ်)ဖြစ်သည်။
သူ့ကို ဖေဖော်ဝါရီလ ၂၃ ရက်တွင် စစ်တွေခရိုင်တရားရုံးက လူကုန်ကူးမှုတားဆီးကာကွယ်ရေး ဥပဒေပုဒ်မ ၂၈(က)/ ၃၂ အရ ယခုကဲ့သို့ အမိန့်ချမှတ်လိုက်ခြင်းဖြစ်သည်ဟု သိရသည်။
၄င်းအား တရားဥပဒေနှင့်အညီ ထောင်ဒဏ် နှစ် ၂ဝ ချမှတ်လိုက်သည့်အပေါ် ကျေနပ်မှုရှိကြောင်း လူကုန်ကူးခံရသည့် အမျိုးသမီးငယ်၏မိခင်က နိရဥ္စရာအား ပြောသည်။
“သူကျောင်းတက်နေတာက ခေါ်သွားပြီး အဲဒီကိုပို့ပစ်လိုက်ကြတာပါ။ ကြားဖူးပေမယ့် မကြုံဖူးတဲ့ကိစ္စပါ။ ကျွန်မမှာ သမီးလေးတစ်ယောက်ဆုံးရှုံးသွားခဲ့ပါပြီ။ ကျောင်းလည်း မတက်တော့ဘူး။ ဒီမှာလည်း မနေတော့ဘူး။ သူအဲဒီကတည်းက ရှက်သွားလို့ထင်ပါတယ်။ သူများသားသမီးတစ်ယောက်ကို လုပ်ရင်ခံရမှာပဲ။ လူကိုမတော်မတရား အားရဝမ်းသာဖြစ်တာမဟုတ်ပေမယ့် သားသမီးတစ်ယောက်ဆုံးရှုံးခဲ့သလို အဲဒီဒဏ်ကိုတော့ သူတို့ခံရမှာပဲ”ဟု ပြောသည်။
ဒေါ်မချေ(ခေါ်) မသန်းသည် စစ်တွေမြို့မှ အသက် ၁၆ နှစ်အရွယ် ၁ဝ တန်းကျောင်းသူ အမျိုးသမီးငယ်ကို တရုတ်နိုင်ငံတွင် တရုတ်အမျိုးသားနှင့် လက်ထပ်ပါက ငွေကျပ်သိန်း (၃ဝ) ရရှိမည်ဟုစည်းရုံး၍ ပို့ဆောင်ရောင်းစားခဲ့ရာ၌ ပူးပေါင်းပါဝင်ခဲ့သည်ဟုဆိုကာ ယခုကဲ့သို့ အမိန့်ချမှတ်ခံလိုက်ရခြင်းဖြစ်သည်ဟု သိရသည်။
ထောင်ဒဏ်ချမှတ်ခံရသူ၏သမီးကြီး ဒေါ်ဦးမြသိန်းက “အမေက စာတောင်မဖတ်တတ်ဘူး။ ဘာမှမသိရှာပါဘူး။ ကျောက်ဖြူမှာရှိတဲ့သမီးတစ်ယောက်ကနေ ပွဲစားနဲ့ချိတ်ပေးတယ်။ အလုပ်လုပ်တဲ့လူကို သိန်း ၃ဝ နဲ့ ပို့ပေးတဲ့လူကို ၁ဝ သိန်းပေးမယ်လို့ပြောလို့ပါ။ ငွေလည်း သူရခဲ့တာမဟုတ်ပါဘူး။ ရခဲ့ရင်တောင် ကျောက်ဖြူက သမီးရခဲ့မယ်ထင်ပါတယ်။ အဲဒီသမီးကလည်း လွန်ခဲ့တဲ့နှစ်က ဆုံးသွားတော့ အမှုမှာ သူ့ကိုထောင်ချခဲ့တာပါ” ဟု ပြောသည်။
ထောင်ဒဏ်ချမှတ်ခံရသည့် ဒေါ်မချေကို သူမ၏ အသက်(၂၃)နှစ်အရွယ်သမီးဖြစ်သူ မဌေးဌေးစိုးနှင့်အတူ လွန်ခဲ့သည့် ၂ဝ၂ဝ ပြည့်နှစ်၊ သြဂုတ်လ ၈ ရက်က လူကုန်ကူးမှုဖြင့် စစ်တွေမြို့နယ်ရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့ပြီးနောက် မဌေးဌေးစိုးကို အပြစ်မရှိဟုဆိုကာ ပြန်လွှတ်ပေးခဲ့သည်ဟု သိရသည်။
----------------------------

ဆက်စပ် သတင်းများ