ကြာသပတေး၊ မတ်လ ၂၈ရက်၊ ၂၀၂၄

ရခိုင်အမျိုးသမီး ၆ ဦးကို မူဆယ်မြို့တွင် ပြည့်တန်ဆာအဖြစ် ရောင်းစားခဲ့သူ ၃ ဦးအား ဖမ်းဆီးအရေးယူထား


  • ရေးသူ: Web Master
  • | ရက်စွဲ: ၀၃ မတ် ၂၀၂၂
  • | ကြည့်ရှုသူ: 1.2k

ချစ်အိလှိုင်
နိရဥ္စရာ၊ မတ် ၃/ ၂ဝ၂၂
ရခိုင်အမျိုးသမီး ၆ ဦးကို တရုတ်အမျိုးသားနှင့်လက်ထပ်ရန်ဖြားယောင်းသွေးဆောင်ပြီး တရုတ်နယ်စပ် ရှမ်းပြည်နယ် မူဆယ်မြို့တွင် ပြည့်တန်ဆာအဖြစ် ရောင်းစားခဲ့သူ ၃ ဦးအား စစ်တွေမြို့နယ် အမှတ်(၅)လူကုန်ကူးမှုတားဆီးကာကွယ်ရေးတပ်ဖွဲ့စုက ဖမ်းဆီးအမှုဖွင့်အရေးယူထားကြောင်း သိရသည်။
ဖမ်းဆီးရမိသူများမှာ စစ်တွေမြို့၊ ရွာသာယာရပ်ကွက်ဇာတိဖြစ်သူ မူဆယ်မြို့ ကားကြီးကွင်းနေ ဒေါ်ဘုမချေ(၄၁ နှစ်)၊ ၂၁ နှစ်အရွယ် အမွှာညီအစ်မနှစ်ဦးဖြစ်သူ မမအေးချေနှင့် မအဖြူချေတို့ဖြစ်သည်။
၎င်းတို့သည် အသက် ၂ဝ ကျော်အရွယ်အမျိုးသမီးများဖြစ်ကြသည့် စစ်တွေမြို့မှ ၃ ဦး၊ ကျောက်တော်မြို့နယ်မှ ၂ ဦးနှင့် ပေါက်တောမြို့နယ်မှ ၁ ဦးတို့ကို လူကုန်ကူးပြီး ပြည့်တန်ဆာအဖြစ် ရောင်းစားခဲ့သည်ဟု သိရသည်။
ပြည့်တန်ဆာအဖြစ်ရောင်းစားခဲ့သူ ၃ ဦးအနက် ပြီးခဲ့သည့် ဖေဖော်ဝါရီ ၁၃ ရက်တွင် စစ်တွေမြို့တွင် ၂ ဦးနှင့် မူဆယ်ကားကြီးကွင်းတွင် ၁ ဦးကို ဖမ်းဆီးရမိခဲ့ကြောင်း စစ်တွေမြို့နယ် အမှတ်(၅)လူကုန်ကူးမှုတားဆီးကာကွယ်ရေးတပ်ဖွဲ့စုမှ ရဲအုပ်သန်းဇော်က နိရဥ္စရာအား ပြောသည်။
“ သူတို့ကို တရုတ်ကိုသွားဖို့ ဘုမချေက ခေါ်သွားတာ။ အပေါင်းအပါဖြစ်တဲ့ သူ့ညီမနဲ့အစ်မကို စစ်တွေမှာသွားဖမ်းပြီး မူဆယ်မှာရှိတဲ့ ဘုမချေကို ဆက်သွယ်ခိုင်းပြီး အဲဒီကရဲတွေနဲ့ချိတ်ပြီး ဖမ်းခဲ့တာပါ” ဟု ပြောသည်။
လက်ရှိတွင် ဖမ်းဆီးရမိသူများအား စစ်တွေမြို့မရဲစခန်းက လူကုန်ကူးမှုတားဆီးကာကွယ်ရေး ဥပဒေပုဒ်မ ၂၈(က)/ ၃၂ နှင့် အမှုဖွင့်အရေးယူထားကြောင်း သိရသည်။
လူကုန်ကူးခံရပြီး ပြည့်တန်ဆာများအဖြစ် ရောင်းစားခံရသူ ၆ ဦးအနက် ၁ ဦးသည် ပြီးခဲ့သည့် ၂ဝ၂၁ ခုနှစ်၊ စက်တင်ဘာအတွင်း စစ်တွေသို့ထွက်ပြေးလွတ်မြောက်လာခဲ့ပြီးနောက် မကြာသေးခင်က ရဲတပ်ဖွဲ့ထံ တိုင်ကြားလိုက်သည့်အတွက် လူကုန်ကူးခံရသူများကို ဖမ်းမိနိုင်ခဲ့သလို တိုင်ကြားသူ၏ ညီမဖြစ်သူကိုလည်း ကယ်ထုတ်နိုင်ခဲ့သည်ဟု သိရသည်။
ကယ်ထုတ်ခံရသည့် ကာယကံရှင် အမျိုးသမီးက သူမတို့သည် တရုတ်အမျိုးသားများဖြင့် လက်ထပ်ပါက ငွေကျပ် ၂၅ သိန်းရမည်ဟု တရုတ်ပြည်နယ်စပ်သို့ဖြားယောင်းကာ ခေါ်ဆောင်ခံခဲ့ရခြင်းဖြစ်ကြောင်း ပြောသည်။
လက်ရှိတွင် ၎င်းတို့ ညီအစ်မနှစ်ဦးသာ လွတ်မြောက်နိုင်သေးပြီး ကျန်အမျိုးသမီးငယ် ၄ ဦးမှာ ပြည့်တန်ဆာအဖြစ် လုပ်ကိုင်သည့်အခြားအလုပ်များသို့ ရောင်းစားခံလိုက်ရသည်ကို သိရကာ အဆက်အသွယ်မရတော့ကြောင်း ပြောသည်။
“မာဆတ်ဆိုင်တွေမှာလည်း လုပ်ရတယ်။ လစာကို သူတို့ယူတယ်။ အိမ်ကိုပို့ပေးဖို့ပြောတဲ့ ငွေသုံးသောင်းကိုတောင် အကုန်မပို့ပေးဘူး။ အလုပ်မရှိလို့ နှစ်ခါအကန်ခံရတယ်။ ညဘက်ထွက်ပြီး ပြန်လာရင် ခုနစ်သောင်းရရင် ကိုယ်က တစ်သောင်းကျော်လောက်ပဲရပြီး ကျန်တာသူတို့ယူတယ်။ သူတို့မှာလည်း သားသမီးတွေနဲ့ဆိုတော့ ကျွန်မတို့က ငဲ့လို့မတိုင်ခဲ့ဘူး။ အခုအစ်မက စစ်တွေမှာတိုင်လိုက်လို့ ညီမကို အဲဒီက ရဲတွေလာခေါ်ခဲ့တာပါ” ဟုပြောသည်။
ဥပဒေရေးရာကုစားရေးအဖွဲ့ရုံး(စစ်တွေရုံးခွဲ)မှ တာဝန်ရှိသူ ဒေါ်မြသူဇာကလည်း အဆိုပါနစ်နာသူအမျိုးသမီးအား မူဆယ်မြို့လူမူဝန်ထမ်းရုံးမှတဆင့် မူဆယ်မြို့ ဥပဒေရေးရာကုစားရေးအဖွဲ့က တာဝန်ယူ၍ စစ်တွေမြို့သို့ပို့ဆောင်ပေးခဲ့ကြောင်း ပြောသည်။
အလားတူ လွန်ခဲ့သည့် ဖေဖော်ဝါရီ ၂၃ ရက်နေ့ကလည်း စစ်တွေမြို့မှ ၁ဝ တန်းကျောင်းသူ ၁ ဦးအား တရုတ်အမျိုးသားနှင့် လက်ထပ်ရန် လူကုန်ကူးမှုကြောင့် စစ်တွေမြို့ ကသဲရပ်ကွက်မှအမျိုးသမီး ၁ ဦးကို စစ်တွေခရိုင်တရားရုံးက ထောင်ဒဏ် နှစ် ၂ဝ ချမှတ်ခဲ့သည်။

ဆက်စပ် သတင်းများ