ကြာသပတေး၊ မတ်လ ၂၈ရက်၊ ၂၀၂၄

မူဆလင် ၄ ဦးကို သိုဝှက်တင်ဆောင်လာသဖြင့် ခရီးသည်တင်ကားသမား ၃ ဦး ရာဇသတ်ကြီးပုဒ်မ-၃၆၇ ဖြင့် အမှုဖွင့်ခံရ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၁၂ မတ် ၂၀၂၂
  • | ကြည့်ရှုသူ: 6.5k

နိရဉ္စရာ၊ မတ် ၁၂/၂၀၂၂
စစ်တွေမြို့မှ ရန်ကုန်မြို့သို့ ထွက်ခွာလာသည့် ခရီးသည်ကားတစ်စီးပေါ်တွင် မူဆလင် ၄ ဦးကို သိုဝှက်သယ်ယူလာသဖြင့် ကားသမား ၃ ဦးကို ဖမ်းဆီးပြီး ရာဇသတ်ကြီးပုဒ်မ-၃၆၇ ဖြင့် အမှုဖွင့်လိုက်သည်ဟု သတင်းရရှိသည်။
မတ်လ ၁၁ ရက် နံနက်က အမ်းမြို့နယ်၊ ကံမြင့်ကန်ပူးပေါင်း စစ်ဆေးရေး ဂိတ်တွင် မာန်သစ္စာကားဖြင့် လိုက်ပါလာသူ မူဆလင် ၄ ဦးကို ပူးပေါင်း အဖွဲ့ဝင်များက ဖမ်းဆီးခဲ့သည်ဟု ရခိုင်နေ့စဉ်တွင် သတင်းဖော်ပြသည်။
ရန်ကုန်ကို ရောက်ပါက တစ်ဦးလျှင် ကျပ်ငွေ ၁၁ သိန်း ပေးမည်ဟု ကမ်းလှမ်းသဖြင့် ၎င်းမူဆလင် ၄ ဦးကို ယာဉ်အောက်ဘက် ကုန်ပစ္စည်းများ ထားသိုသည့် အခန်းအတွင်း ကုန်ပစ္စည်းများကြား၌ သိုဝှက်ပြီး ကားသမား များက သယ်ဆောင်လာခဲ့ခြင်းဖြစ်သည်ဟု အဆိုပါ သတင်းတွင် ဖော်ပြထားသည်။
ဖမ်းဆီးခံရသူ ကားသမားများမှာ ကျောက်တော်မြို့နယ်၊ ရွာမကျေးရွာနေ ယာဉ်မောင်းဖြစ်သူ ဦးထွန်းထွန်းကျော်(ဘ)ဦးလှကျော်ဇော (၄၁) နှစ်၊ ကျောက်တော်မြို့နယ် မင်းသားတောင်ကျေးရွာ ထွန်းထွန်းဦး(ဘ) ဦးဘတင်(၃၇) နှစ် နှင့် မြေပုံမြို့နယ်၊ စံညှင်းကျေးရွာနေ ကျော်စွာ (ဘ)ဦးရွှေလှသိန်း (၂၈) နှစ် တို့ဖြစ်သည်ဟု ဆိုသည်။
၎င်းမူဆလင် ၄ ဦးသည် မလေးရှားနိုင်ငံသို့ရောက်ရှိနေ ဆွေမျိုးများမှ စစ်တွေရှိလူပွဲစားတစ်ဦးထံ မလေးရှားရောက်ပါက သိန်း ၃၀ ပေးမည် ဖြစ်ကြောင်း ချိတ်ဆက်ပေးမှုကြောင့် အဆိုပါကားဖြင့် လိုက်ပါလာခဲ့သည်ဟု သတင်းတွင် ဖော်ပြထားသည်။
၎င်း ''မာန်သစ္စာ'' ခရီးသည်တင်ကားသည် စစ်တွေမှ ရန်ကုန်သို့ ခရီးသည်ကျား ၃၀ ဦး၊ မ ၁၅ ဦး၊ ပေါင်း ၄၅ ဦး တင်ဆောင်လာခဲ့သည်ဟု သိရသည်။
ဖမ်းဆီးရမိသည့် မူဆလင် ၄ ဦးအား လဝကအက်ဥပဒေ-၆(၂)/၆(၃)ဖြင့် အမှုဖွင့် အရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိပြီး ယာဉ်မောင်းနှင့် ယာဉ် နောက်လိုက် တို့အား ရာဇသတ်ကြီးပုဒ်မ-၃၆၇ ဖြင့် အမှုဖွင့်လှစ်ခဲ့ပြီး အရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိသည်ဟု ရခိုင်နေ့စဉ်တွင် ဖော်ပြထားသည်။

ဆက်စပ် သတင်းများ