သောကြာ၊ ဧပြီလ ၁၉ရက်၊ ၂၀၂၄

ဂွ-ငသိုင်းချောင်းကားလမ်းတွင် မူဆလင်အမျိုးသမီး ၁ ဦး ဦးခေါင်းပွင့်ထွက်ဒဏ်ရာဖြင့်သေဆုံးနေပြီး ကျန် ၁ ဦးကိုလည်း ဒဏ်ရာများဖြင့်တွေ့ရှိ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၀၄ သြဂုတ် ၂၀၂၂
  • | ကြည့်ရှုသူ: 6.7k

နိရဥ္စရာ၊ ဩဂုတ် ၂/၂ဝ၂၂
ရခိုင်ပြည်နယ် ဂွမြို့နယ်၊ ရှားဖြူကွင်းကျေးရွာအနီး ဂွ-ငသိုင်းချောင်းကားလမ်းတွင် မူဆလင်အမျိုးသမီး ၁ ဦးသည် ဦးခေါင်းပွင့်ထွက်ဒဏ်ရာများသေဆုံးနေပြီး ကျန်အမျိုးသမီး ၁ ဦးကိုလည်း ဒဏ်ရာများဖြင့်လဲနေသည်ကို ရဲတပ်ဖွဲ့က တွေ့ရှိခဲ့ကြောင်း သိရသည်။
သေဆုံးနေသူမှာ အသက် ၂ဝ နှစ်ခန့်အရွယ် မူဆလင်အမျိုးသမီးဖြစ်ပြီး ဒဏ်ရာရရှိသူမှာ မောင်တောမြို့နယ် ချိန်ခါလီကျေးရွာမှ ၁၃ နှစ်အရွယ် မဟူရ်ဆောင်းနာရာဖြစ်သည်ဟု ယနေ့နေ့လယ်က ပြည်နယ်အစိုးရထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
သူတို့ကို ရှားဖြူကွင်းကျေးရွာအနီး မိုင်တိုင်အမှတ် ၄၄/၁ နှင့် ၄၄/၀ ကြား ဂွ-ငသိုင်းချောင်းကားလမ်းတွင် ယမန်နေ့ ဩဂုတ်လ ၁ ရက် ည ၈ နာရီခွဲခန့်၌ ပူးပေါင်းအဖွဲ့က သက်သေများနှင့်အတူသွားရောက်စစ်ဆေးခဲ့ကြစဉ် ယခုကဲ့သို့ တွေ့ရှိခဲ့ခြင်းဖြစ်သည်ဟု ထုတ်ပြန်ချက်အရ သိရသည်။
သေဆုံးသူတွင် ဦးခေါင်းကွဲကြေပြီး ဦးနှောက်များထွက်လျက် မှောက်၍ သေဆုံးနေသည်ကိုတွေ့ရှိကာ ဒဏ်ရာရသူကို ဦးခေါင်းနောက်စေ့တွင် (၂)လက်မခန့် ပေါက်ပြဲဒဏ်ရာနှင့် ဘယ်ဘက်ခြေသလုံးကျိုးဒဏ်ရာဖြင့်တွေ့ရှိခဲ့သည်ဟု သိရသည်။
ယခုကိစ္စနှင့်ပတ်သက်ပြီး ဂွမြို့မရဲစခန်းမှ စခန်းမှူးကို နိရဥ္စရာက အကြိမ်ကြိမ်ဆက်သွယ်ခဲ့သော်လည်း တစ်စုံတစ်ရာတု့ံပြန်ဖြေဆိုခြင်းမရှိခဲ့ပါ။
လက်ရှိတွင် ဒဏ်ရာရရှိသူနှင့် သေဆုံးနေသူတို့ကို ဂွမြို့နယ်ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ထားပြီး ဒဏ်ရာရအမျိုးသမီးအား ဂွမြို့ပြည်သူ့ဆေးရုံတွင် အတွင်းလူနာအဖြစ်ကုသပေးလျက်ရှိသည်ဟု ပြည်နယ်အစိုးရထုတ်ပြန်ချက်က ဆိုသည်။
ဒဏ်ရာရရှိသူ ဟူရ်ဆောင်းနာရာ သတိပြန်လည်ရရှိပါက ၎င်းတို့၏ကိုယ်ရေးအချက်အလက်များနှင့် ယခုဖြစ်စဉ် မည်ကဲ့သို့ဖြစ်ပွားခဲ့သည်ဆိုသည်ကို ဆက်လက်စစ်ဆေးမေးမြန်းသွားမည်ဟုလည်း ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။ (NN-12)

ဆက်စပ် သတင်းများ