သောကြာ၊ ဧပြီလ ၂၆ရက်၊ ၂၀၂၄

မြောက်ဦးမြို့ မြန်မာ့စီးပွားရေးဘဏ်တွင်ငွေပြတ်၍ ဝန်ထမ်းများ လစာနောက်ကျ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၀၁ စက်တင်ဘာ ၂၀၂၀
  • | ကြည့်ရှုသူ: 435

ဆောင်းဇာခြည်
နိရဥ္စရာ၊ စက်တင်ဘာ ၁/ ၂ဝ၂ဝ

ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့၊ မြန်မာ့စီးပွားရေးဘဏ်၌ ငွေပြတ်နေ၍ အစိုးရဝန်ထမ်းများ သြဂုတ်လကုန်ရက်တွင်လစာမရ ဖြစ်ခဲ့ကြရသည်ဟု သတင်းရရှိသည်။

မြောက်ဦးမြို့နယ်မှ တောင်သူလယ်သမား သမဂ္ဂ ဥက္ကဋ္ဌ  ဦးစိုးနိုင်က “စီးပွားရေးဘဏ်မှာ ငွေပြတ်နေလို့ဆိုပြီး မနေ့က ငွေမရကြဘူး။ ဘာကြောင့် ငွေပြတ်နေလဲတော့ မသိဘူး။ အစိုးရဝန်ထမ်းတွေရော၊ နောက် ဒေသခံ တွေရော ငွေထုတ်လို့ မရကြဘူး။ အုပ်ချုပ်ရေးမှူးတွေရောပေါ့။ ဒီနေ့ကတော့ ဝန်ထမ်းတွေ သွားထုတ် နေကြတယ်လို့ သိရပါတယ်။ ဒါပေမယ့် အုပ်ချုပ်ရေးမှူးတွေကတော့ မနက်ဖြန်လောက်မှ အကုန် ရှင်းရှင်းလင်းလင်းကျမှ ရကြမယ်ထင်တယ်” ဟု နိရဥ္စရာသို့ ပြောသည်။

မြောက်ဦးမြို့ရှိ အထွေထွေအုပ်ချုပ်ရေးမှူးရုံးမှ ဝန်ထမ်းတစ်ဦးကလည်း မြန်မာ့စီးပွားရေးဘဏ်တွင် ငွေပြတ် နေသည်မှာ နှစ်ပတ်ခန့် ရှိနေပြီဖြစ်ကြောင်း ပြောသည်။

 “စီးပွားရေးဘဏ်မှာ ငွေပြတ်နေတာ နှစ်ပတ်လောက်တောင် ရှိပြီ ကျွန်တော်သိသလောက်ဆိုရင်ပေါ့။ တစ်မြို့နယ်လုံးက မရတာပေါ့နော်။ နတလ ဝန်ထမ်းတွေကျတော့ မနေ့ကကတည်းက ရကြတယ်။ သူတို့က စစ်တွေက တွဲဖက်ယူထားတာဆိုတော့လေ” ဟု ယင်း ထွေ/အုပ် ဝန်ထမ်းက နိရဥ္စရာသို့ ပြောသည်။

မြောက်ဦးမြို့နယ် ပညာရေးဌာနမှ တာဝန်ရှိသူ တစ်ဦးက “ ဝန်ထမ်းတွေလစာတွေက အခု စစ်ဘက် ရဟတ်ယာဉ်နဲ့ မြောက်ဦးကို ပို့ရတယ်လေ။ ဒီနေ့တော့ ရောက်ပါပြီ။ ညနေပိုင်း ၄ နာရီလောက်မှာ ဆိုတော့ မိုးချုပ်နေတာနဲ့  မနက်ဖြန်မှ ထုတ်ဖို့ စီစဉ်ထားပါတယ်။ မနက်ဖြန်တော့ ဆရာ ဆရာမတွေ လစာရကြမှာပါ” ဟု ပြောကြားသည်။

ဝေသာလီအုပ်စု အုပ်ချုပ်ရေးမှူး ဦးမောင်ကျော်ဝင်းက “လစာက ဟိုတစ်နေ့က လမ်းကြောင်းမကောင်းလို့ ငွေပို့ဖို့လာတာ မရလိုက်ဘူးလို့ ကျွန်တော်တို့ ကြားတယ်။ မိုးလေဝသအခြေနေမကောင်းလို့ ပို့ဖို့ အဆင်မပြေ လိုက်ဘူးလို့ ကြားပါတယ်။ ဒီနေ့တော လစာတွေလည်း ရောက်နေပြီလို့ သိရပါတယ်။ ခါတိုင်းဆိုရင် လကုန်မီ တစ်ရက်နှစ်ရက် အရင်က ရကြတယ်။ အုပ်ချုပ်ရေးမှူးတွေလည်း မရသေးဘူး။ မနက်ဖြန်လောက်ဆို ရကြမယ်ထင်တယ်။ ဒီနေ့တော့ ဝန်ထမ်းအချို့တွေအတွက် လစာထုတ်နေတယ်လို့ သိရပါတယ်” ဟု ပြောသည်။

ယင်းကိစ္စနှင့်ပတ်သက်ပြီး မြောက်ဦးမြို့နယ် အုပ်ချုပ်ရေးမှူး ဦးမောင်သာစိန်အား နိရဥ္စရာမှ ဆက်သွယ်ခဲ့ရာ ဖုန်းလက်ခံဖြေဆိုခြင်းမရှိခဲ့ပါ။

ဆက်စပ် သတင်းများ