စနေ၊ ဧပြီလ ၂၀ရက်၊ ၂၀၂၄

ကျောက်တော် သရက်တစ်ပင်ရွာသား ၂ဝ လောက် ဖမ်းဆီးထိန်းသိမ်းခံထားရ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၂၃ စက်တင်ဘာ ၂၀၂၀
  • | ကြည့်ရှုသူ: 827

ခိုင်လူလှ (ရိုးမမြေ)
နိရဥ္စရာ၊ စက်တင်ဘာ ၂၃/၂ဝ၂ဝ

ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ်၊ သရက်တစ်ပင်ကျေးရွာမှ လူပေါင်း ၂ဝ ခန့်ကို ယနေ့နံနက်က  စစ်တပ်က ဖမ်းဆီးထိန်းသိမ်းထားကြောင်း ကျေးရွာသားများက ပြောကြားသည်။

ကျေးရွာသာတစ်ဦးက “ဒီကနေ့ မနက် ၆ နာရီလောက်က ဒေါင်းတောင်ယိုး ၃၇၆ ဘက်က စစ်ကြောင်း တစ်ခု ရွာကိုဝင်လာပြီး ရွာထဲက လူတွေကို ဖမ်းခေါ်ထားပါတယ်။ ၆ နာရီခွဲလောက်မှာ အိမ်တွေကနေ ဖမ်းခေါ်သွားတာပါ။ အခုလက်ရှိ သရက်တစ်ပင်ရဲစခန်းဟောင်းမှာ သူတို့ကို စုထားပါတယ်” ဟု ပြောကြားသည်။

ဖမ်းဆီးခံထားရသူများ အထဲတွင် ကုလား ခေါ်ထွန်းနိုင်၊ မောင်မောင်ဦး(ကျောင်းဆရာ)၊ ဦးကျော်သန်း၊ ငညီး၊ မောင်ဖြူလှ ၊ ငညီး၏ ယောက်ဖဖြစ်သူ တစ်ဦး၊ လှထွန်းသာ၊ ကျော်ဝင်းစိန်၊ ငလုံးစိန်၊ သန်းထွန်းမောင်၊ မောင်မောင်ဝင်း၊ မောင်မောင်ညွန့် စသူတို့ ပါဝင်သည်ဟု ၎င်းက ပြောသည်။

အဆိုပါကိစ္စနှင့် ပတ်သက်ပြီး ပိုမိုသိရှိနိုင်ရန် သရက်တစ်ပင် ရွှေဂရုဏာ လူမှုကူညီရေး အသင်းသို့ ဆက်သွယ်ရာ တာဝန်ရှိသူ တစ်ဦးက ရွာသား ၂ဝ ခန့် ဖမ်းဆီးခေါ်ဆောင်ခံထားရကြောင်း အတည်ပြု ပြောကြားသည်။

“ ဒီနေ့ မနက် ၆ နာရီခွဲလောက်မှာ အိမ်တွေကနေ ခေါ်သွားတာဖြစ်ပါတယ်။ အခု လောလောဆယ်တော့ သူတို့ကို သရက်တစ်ပင် ရဲစခန်းဟောင်းမှာ စုထားတယ်လို့ သိရပါတယ်။ ဘာကြောင့် ဖမ်းဆီးထိန်းသိမ်းတယ်ဆိုတာကိုတော့ တိတိကျကျ မသိရသေးပါဘူး။ လူပေါင်း ၂ဝ လောက်တော့ ဖမ်းထားတယ်လို့ဘဲ သိရပါတယ်” ဟု ရွှေဂရုဏာ လူမှုကူညီရေး အသင်း တာဝန်ရှိသူက ပြောကြားသည်။

သရက်တစ်ပင်ရွာသည် အိမ်ခြေ တစ်ထောင်ကျော်ရှိသည့် ကျေးရွာကြီး တစ်ရွာဖြစ်ပြီး ကျောက်တော်မြို့နှင့် မဟာမုနိဘုရားအကြားတွင် တည်ရှိသည်။ လက်ရှိ တပ်မတော်စစ်ကြောင်းမှာ ရွာထဲမှ အရေးကြီးသည့် လမ်းဆုံ လမ်းခွများတွင် နေရာယူထားပြီး စစ်တွေ- ရန်ကုန် ကားလမ်းပေါ်တွင်လည်း ဖြန့်ခွဲနေရာယူထားသည်ဟု မျက်မြင် ရွာသားများက ပြောသည်။

ကျောက်တော်မြို့နယ် အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးမြင့်နိုင်က ရွာသား ၂ဝ ကျော်လောက် ဖမ်းဆီးထားခံရသည်ဟု သတင်းရကြောင်း၊ မည်သည့်အတွက် ဖမ်းဆီးထားသည်ကို မသိရသေးကြောင်း ပြောကြားသည်။

ထိုသို့ ဖမ်းဆီးမှုများရှိနေသဖြင့် သရက်တစ်ပင် ကျေးရွာသားများ ကြောက်လန့် ထွက်ပြေးလျက်ရှိသည်ဟု သတင်းရရှိသည်။

ဆက်စပ် သတင်းများ