ဗုဒ္ဓဟူး၊ ဧပြီလ ၂၄ရက်၊ ၂၀၂၄

ရခိုင်အခြေစိုက် We Love Rakhine အဖွဲ့မှ ကိုဗစ်ကာလတွင် အခက်ကြုံနေရသည့် ဘာသာပေါင်းစုံမှဆင်းရဲနွမ်းပါးသူများကို ရိက္ခာများလှူဒါန်း


  • ရေးသူ: Web Master
  • | ရက်စွဲ: ၀၄ ဒီဇင်ဘာ ၂၀၂၀
  • | ကြည့်ရှုသူ: 8.6k

ဆောင်းဇာခြည်
နိရဥ္စရာ၊ ဒီဇင်ဘာ ၄/ ၂ဝ၂ဝ

ရခိုင်အခြေစိုက် လူထုအခြေပြု ပရဟိတအဖွဲ့ဖြစ်သည့် We Love Rakhine အဖွဲ့မှ ရခိုင်ပြည်နယ်ရှိ ကိုဗစ်ကာလ အတွင်း စားသောက်ရေးအတွက် အခက်ခဲဖြစ်နေသည့် ဘာသာပေါင်းစုံမှ ဆင်းရဲနွမ်းပါးသူမိသားစုများအား  အခြေခံ စားသောက်ကုန်များ လှူဒါန်းကူညီထောက်ပံ့ပေးလျှက်ရှိကြောင်း သတင်းရရှိသည်။

ထိုသို့ လှူဒါန်းရာတွင် လူမျိုးဘာသာမခွဲခြားဘဲ ရခိုင်ပြည်နယ်ရှိ  ကိုဗစ်ကာလ စားသောက်ရေး အခက်ခဲ ဖြစ်နေကြသော မိသားစုများကို ငွေတစ်သောင်းကျပ်နှုန်းဖြင့် ဆန်၊ ဆီ၊ ငါးခြောက်၊ ပဲနှင့် Mask များအား လှူဒါန်းနေကြောင်း We Love Rakhine မှ အထွေထွေအတွင်းရေးမှူး ကိုလူအေးက နိရဥ္စရာကို ပြောသည်။

“ကျွန်တော်တို့က ရခိုင်က မြို့နယ် ၁၇ ခုမှာ ကိုဗစ်ကာလ အခက်ခဲကြုံနေသူတွေကို ငွေတစ်သောင်းကျပ်နှုန်းနဲ့ စားသောက်ကုန်တွေကို လှူဒါန်းနေတာပါ။ တကယ့်အခက်ခဲကြုံသူတွေကိုမှ လှူတာပေါ့။ စစ်တွေမှာဆိုရင် ရပ်ကွက်တစ်ခုထဲမှာ စားသောက်ရေးအခက်ခဲကြုံနေတဲ့ အိမ်ထောင်စုဘယ်လောက်ရှိလဲ၊ အဲလို မြို့နယ် တစ်ခုစီကို စာရင်းကောက်ပြီးမှ လှူတာပေါ့။ တကယ့် အခက်ခဲဖြစ်နေတယ်ဆိုရင် ဟိန္ဒူ၊ မူဆလင်၊ မရမာကြီး အကုန်ကို လှူပါတယ်။”

We Love Rakhine အဖွဲ့မှ မောင်တောမြို့နယ်တွင် ကိုဗစ်ကာလ အခက်အခဲဖြစ်နေကြသည့် ဆင်းရဲနွမ်းပါးသူများကို ရိက္ခာများလှူဒါန်းရာတွင် ရခိုင်များကိုသာမက မူဆလင်နှင့် ဟိန္ဒူလူမျိုးမိသားစုများကိုပါ လှူဒါန်းခဲ့ကြောင်း သိရှိရသည်။

မောင်တောမြို့နယ်ရှိ Covid_19 ကာလ ခက်ခဲကျပ်တည်းမှု တွေ့ကြုံနေကြရသည့် အိမ်ထောင်စု များအား အိမ်ထောင်စု (၁) စုလျှင် (၁ဝ,ဝဝဝ) ကျပ်တန်ဖိုးရှိ အခြေခံစားသောက်ကုန်များကို We Love Rakhine မောင်တော EC ဦးအောင်သက်နိုင်နှင့် Maungdaw Covid-19 Response Network တို့ပူးပေါင်းကာ ဗမာ၊ ရခိုင်၊ ဟိန္ဒူ၊ မူဆလင် လူမျိုးများ၏ အိမ်ထောင်စု ပေါင်း (၃ဝဝ) ကိုသွားရောက် လှူဒါန်းခဲ့ကြောင်း အဆိုပါ အဖွဲ့ လူမှုကွန်ယက် စာမျက်နာပေါ်တွင် ရေးသားထားသည်။

“ကိုဗစ်ကြောင့် စားဝတ်နေရေး အခက်ခဲဖြစ်နေတယ်ဆိုရင် အကုန်လှူတာပေါ့။ ကျွန်တော်တို့ လှူတဲ့အထဲမှာ စစ်ဘေးရှောင်စခန်းတွေလည်း ပါတယ်။ စစ်ဘေးရှောင်စခန်းတွေက အကူညီလှမ်းတောင်းရင် ကျွန်တော်တို့က သွားပြီး လှူပါတယ်။ မနေ့ကဆို ကျွန်တော်တို့ မောင်တောဘက်ကို လှူပါတယ်” ဟု ကိုလူအေးက ဆက်ပြောသည်။

အဆိုပါ အဆိုပါ လှူဒါန်းမှုအား ပြီးခဲ့သည့် အောက်တိုဘာလမှ စ၍ လှူဒါန်းနေခဲ့ခြင်းဖြစ်ပြီး ကျန်ရှိနေသေးသည့်  ရသေ့တောင်၊ ဘူးသီးတောင်၊ ပုဏ္ဏားကျွန်း၊ မြေပုံ၊ မင်းပြား၊ ကျောက်တော်နှင့် ပေါက်တောမြို့နယ်တို့တွင်လည်း ဆက်လက် လှူဒါန်းသွားမည်ဖြစ်ကြောင်း သိရသည်။

We Love Rakhine အဖွဲ့ကို ရခိုင်တိုင်းရင်းသားများအပြင် တခြားတိုင်းရင်းသားများမှ လှူဒါန်းသည့် အလှူငွေ များဖြင့် ရခိုင်ပြည်နယ်ရှိ ကိုဗစ်ကာလအတွင်း အခက်ခဲဖြစ်နေသူများအား ကူညီ ထောက်ပံ့ပေးခြင်းဖြစ်ကြောင်း သိရသည်။

ဆက်စပ် သတင်းများ