သောကြာ၊ မတ်လ ၂၉ရက်၊ ၂၀၂၄

မြောက်ဦးဆေးရုံကြီးတွင်ကလေးသုံးမြွှာပူးမွေးဖွား၊ မိဖချို့တဲ့၍ ရှေ့ဆက်ပြုစုရန်အခက်ခဲရှိဟု ဖခင်ဖြစ်သူဆို


  • ရေးသူ: Web Master
  • | ရက်စွဲ: ၂၂ ဒီဇင်ဘာ ၂၀၂၀
  • | ကြည့်ရှုသူ: 9.1k

ဇွဲဓန (ကိန်းသာမြေ)
နိရဥ္စရာ၊ ဒီဇင်ဘာ၂၂/၂ဝ၂ဝ

မြောက်ဦး ပြည်သူ့ဆေးရုံကြီးတွင် ဒီဇင်ဘာ ၁၄ ရက်က ခဲမောင်းတက်ကျေးရွာနေ ဦးစိုးသန်း၏ ဇနီးဖြစ်သူ ဒေါ်ခိုင်မိုးချေမှ ကလေးသုံးမြွှာပူးမွေးဖွားခဲ့ပြီး  မိခင်ဖြစ်သူမှာ ကျန်းကျန်းမာမာရှိနေသော်လည်း မိသားစုချို့တဲ့၍ ရှေ့ဆက်ပြုစုရန် အခက်ခဲရှိနေကြောင်း ဖခင်ဖြစ်သူက ပြောကြားသည်။

ဖခင်ဖြစ်သူ ဦးစိုးသန်းက ̏ ကလေးတွေကိုတော့ ဒီဇင်ဘာ ၁၄ ရက်က မွေးဖွားခဲ့တယ်။ ယောကျာ်း တစ်ယောက်နဲ့ မိန်းကလေး နှစ်ယောက်ဖြစ်တယ်။ ယောကျာ်းက အရင်ဆုံးမွေးတာ။ ကျနော်ကိုယ်တိုင်ကလည်း ဆင်းရဲနွမ်းပါးသူဆိုတော့ ဘာလုပ်လို့ဘာကိုင်ရမှန်းမသိ ဖြစ်နေတယ်။ မွေးလာတာ ကလေး သုံးယောက်ဆိုတော့ သူတို့အတွက် ပြုစုဖို့ အသုံးစရိတ်တွေကို ကျနော်တစ်ယောက်တည်း လုပ်လို့ရတဲ့ငွေနဲ့ လုံလောက်မှာ မဟုတ်ဘူး” ဟု ပြောဆိုသည်။

ဦးစိုးသန်းမှာ ကိုယ်ပိုင်လုပ်ငန်းမရှိဘဲ ကွမ်းသီးခင်းတွင် နေ့စား အလုပ်သွားလုပ်သူဖြစ်ကြောင်း၊ တစ်ရက် ဝင်ငွေ ကျပ် ၇ဝဝဝ သာရှိကြောင်း၊ အမြဲတမ်းအလုပ်မဟုတ်၍  မိသားစု စားဝတ်နေရေးလည်း အခက်အခဲရှိကြောင်း၊ သို့အတွက် ယခုမွေးလာသော ကလေးငယ်သုံးဦးကို ပြုစုပျိုးထောင်ရန် အခက်အခဲရှိနေဟု ၎င်းက ပြောသည်။

အဆိုပါမွေးကင်းစ သုံးမြွှာပူး ကလေးငယ်များအား အစိုးရအဖွဲ့အစည်းများနှင့် အလှူရှင်များ ကူညီ ထောက်ပ့ံ စေလိုကြောင်း ဦးစိုးသန်းအစ်မဖြစ်သူ ဒေါ်နုအေးသန်းက ပြောသည်။

̏ ဒီကလေးအတွက် နန်းရိပ်ကရုဏာ အောက်ဆီဂျင်အခမဲ့ကူညီရေးအဖွဲ့မှ ငွေငါးသောင်း လှူဒါန်းသွားတယ်။ ဒီနေ့ ထွေအုပ်ရုံးကခေါ်လို့ ကျမတို့ သွားခဲ့တယ်။ မနက်ဖြန် ငွေ တစ်သိန်း ချီးမြှင့်ဖို့ လာမှာဆိုပြီး ပြောလိုက်တယ်။ နောက်ထပ်အလှူရှင်တွေကတော့ လာလှူတာမရှိသေးဘူး။ အစိုးရအဖွဲ့အစည်းတွေကိုလည်း ဒီကလေးတွေအတွက် နို့ဖို့လောက်တော့ ထောက်ပံ့စေချင်တယ်။ ကူညီပေးကြပါလို့ အလှူရှင်တွေကိုလည်း မေတ္တာရပ်ခံချင်ပါတယ် ̋ ဟုပြောသည်။

မြောက်ဦးပြည်သူ့ဆေးရုံကြီးတွင် ကလေးသုံးမြွှာ မွေးဖွားမိခင်နှင့် မွေးကင်းစကလေးငယ်များ၏ ထောက်ပံ့ ဆုငွေရရှိစေရန် ဆက်လက်လုပ်ဆောင်ကြောင်း မြောက်ဦးမြို့ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေဝန်ကြီးဌာနမှ ဦးစီးမှူးဒေါ်ခင်စောဝါက ပြောသည်။

̏ ဒီနေ့နော်၊ သူတို့ရဲ့ ဆွေမျိုးတော်စပ်သူ တစ်ယောက်ကိုခေါ်လိုက်တယ်။ ဒီကလေးတွေအတွက် ဆက်လက် တင်ပေးသွားဖို့ ပုံစံတွေကို ပေးသွင်းပြီးပြီ။ ဒီငွေတွေ ကျလာဖို့အတွက် အခုမှ တင်ဖို့လုပ်နေတုန်းပဲ။ အဲဒီက ကျလာတာနဲ့ မိခင်အတွက် သုံးသိန်း ကလေးတွေအတွက် နှစ်သိန်း ပေါ့။ ဒီငွေတွေက ဆုငွေအဖြစ် ရရှိမှာ ဖြစ်တယ်။ အစိုးရအလုပ်ဆိုတော့ တစ်ဆင့်ပြီးတစ်ဆင့် တင်ရတာရှိတယ်။ ဘယ်တော့ ကျလာမှာကို မသိသေးဘူး ̋ ဟု သူမက ပြောသည်။

လက်ရှိတွင် ကလေးများရော၊ ကလေးမိခင်ပါ ကျန်းမာနေပြီး မြောက်ဦးမြို့ ဆေးရုံတွင်ရှိနေကြသည်ဟု သိရသည်။

ဆက်စပ် သတင်းများ