ကြာသပတေး၊ မတ်လ ၂၈ရက်၊ ၂၀၂၄

စစ်တွေမြို့ဒုံးတိုက်ကွင်း ကျူးကျော်အိမ်များ မတ်၃၁ရက်နောက်ဆုံးထား ဖြိုဖျက်ရန်အကြောင်းကြား၊ ကိုဗစ်ကာလ ပြောင်းရွှေ့ရန်အခက်အခဲရှိဟုနေထိုင်သူများဆို


  • ရေးသူ: Web Master
  • | ရက်စွဲ: ၃၀ ဒီဇင်ဘာ ၂၀၂၀
  • | ကြည့်ရှုသူ: 5.7k

ဆောင်းဇာခြည်၊ အိမ်စိုးဖြူ
နိရဥ္စရာ၊ ဒီဇင်ဘာ ၃ဝ/ ၂ဝ၂ဝ

ရခိုင်ပြည်နယ်၊ စစ်တွေမြို့၊ ဒုံးတိုက်ကွင်း သာသနာ့နယ်မြေ ဧရိယာအတွင်း ကျူးကျော်နေထိုင်သည့် နေအိမ်များကို ၃ လအတွင်း ဖြိုဖျက်ရန် သံဃာ့အဖွဲ့အစည်းများမှ အကြောင်းကြားထားသည်ဟု သတင်း ရရှိသည်။

စစ်တွေမြို့၊ ရွာကြီးမြောက်ရပ်ကွက် သာသနရံသီကျောင်းမှ သံဃနာယက အကျိုးတော်ဆောင် ဆရာတော်က “ ဒီ ဒုံးတိုက်ကွင်းက စစ်တွေမြို့ပေါ်ရှိတဲ့ ရဟန်းသံဃာတော်တစ်ပါးပါး ပျံလွန်တော်မူရင် စျာပနအခမ်းနား ပြုလုပ်ကျင်းပတဲ့ သာသာနာပိုင်မြေနေရာဖြစ်ပါတယ်။ ဒီလူနေအိမ် ၂၇ ဆောင်ကို မတားမြစ်ရင် အဲဒီကွင်းထဲ နောက်ထပ် နေအိမ်ထပ်တိုးလာရင် စျာပနပူဇာလုပ်မယ့် မြေနေရာအတွက် အခက်ခဲဖြစ်လာနိုင်တယ်။ ဒါကြောင့် စစ်တွေမြို့ပေါ်ရှိ ရဟန်းသံဃာတော်တွေက ကန့်ကွက်ပြီး နောက်ထပ် သုံးလအတွင်း ဖယ်ရှားပေးဖို့ တောင်းဆိုထားတာဖြစ်ပါတယ်” ဟု ပြောကြားသည်။

ဒီဇင်ဘာ ၂၂ ရက်နေ့က စစ်တွေမြို့မှ တာဝန်ရှိ ဆရာတော်များက အဆိုပါ နေအိမ် ၂၇ ဆောင်တို့မှ တာဝန်ရှိသူများကို ခေါ်ကာ အစည်းဝေးပြုလုပ်ခဲ့ကြောင်း၊  ယင်းအစည်းအဝေးတွင် လာမည့် ၂ဝ၂၁ ခုနှစ် မတ်လ ၃၁ ရက်နေ့ နောက်ဆုံးထား၍ ၎င်းနေရာမှ ထွက်ပေးရန်အတွက် ပြောဆိုခဲ့ကြောင်း၊ ပြောင်းရွှေ့စရာ နေစရာမရှိဖြစ်နေသဖြင့် အခက်တွေ့နေကြောင်း  အဆိုပါကွင်းတွင်ကျူးကျော်နေထိုင်သူ ဆိုင်ကယ်ကယ် ရီမောင်းသူ ဦးမင်းမင်းလှိုင်က နိရဥ္စရာသတင်းဌာနသို့ ပြောသည်။

“ကျွန်တော်ရဲ့ မိဘတွေက သူတို့မဆုံးခင်က အိမ်ကိုရောင်းသွားခဲ့တယ်။ သူတို့ဆုံးသွားတော့ ကျွန်တော် အိမ်ငှားလို့ နေတယ်။ အိမ်ငှားနေလို့ မဆင်မပြေတော့ ဒီမှာ အနေဖြစ်သွားတာ။ ဒီက ထွက်သွားရင် ဘယ်မှာ ဘယ်လိုနေရမလဲဆိုတာကို မသိရသေးပါဘူး။ ဒီမှာက မိသားစုတွေလည်း မရှိတော့ အခက်ခဲရှိပါတယ်။ ကိုဗစ်ရောဂါကြောင့် အိမ်ငှားတွေကလည်း အိမ်ငှားလက်မခံဘူး။ ဆွေမျိုးအိမ်တွေမှာ တက်နေမယ်ဆိုလည်း ရောဂါကြောင့် မတက်ရဘူး။ အခုအချိန်မှာက ကိုယ့်မိသားစုအချင်းချင်းတောင် အဝင်/ထွက် မလုပ်ရဘူးဖြစ်နေတဲ့ ခေတ်လေ” ဟု နိရဥ္စရာသို့ ပြောသည်။

၄င်းဒုံးတိုက်ကွင်းအတွင်း ကျူးကျော်ဆောက်လုပ်ထားသည့် အိမ်ခြေ ၂၇ ဆောင်ရှိကြောင်းသိရသည်။

ကိုဗစ်ကာလအတွင်း စားဝတ်နေရေးအဆင်မပြေဘဲဖြစ်နေစဉ် ထိုကဲ့သို့ ထွက်ခွာပေးရမည်ဆို၍ စိုးရိမ်မိကြောင်း သံတွဲမြို့နယ်မှ ပြောင်းရွှေ့နေထိုင်လာသူ မလတ်လတ်ထွန်းက ပြောသည်။

“ ဒီက ထွက်ပေးရမယ်ဆိုရင် ကျွန်မတို့မှာ သွားစရာနေရာလည်း မရှိဘူး။ အခုလို ကိုဗစ် ရောဂါတွေ ဖြစ်နေတဲ့အချိန်မှာ ပိုပြီးတော့ ဆိုးပါတယ်။ သွားဖို့နေရာမရှိတော့ ကျွန်မတို့ ဘယ်လိုလုပ်ရမလဲ။ အရမ်း ဝမ်းနည်းပါတယ်။ ကျွန်မယောက်ျားက ပန်းရန်လုပ်ပါတယ်။ သူ တစ်နေ့လုပ်မှ တစ်နေ့စားရတဲ့ဘဝပါ။ အဲဒါကြောင့် အကျပ်အတည်းရှိလို့ အစိုးရက ကူညီပေးလို့ရရင် ကူညီပေးစေချင်ပါတယ်” ဟု သူမက ပြောသည်။

ဒုံးတိုက်ကွင်း အနီးနေထိုင်သည့် ရပ်ကွက်ထဲက ရပ်မိရပ်ဖတစ်ဦးဖြစ်သူ ဦးကျော်လှက “လူတွေက ဆင်းရဲ နွမ်းပါးတဲ့အတွက် ဒီနေရာမှာ လာနေကြတာ ကြာပါပြီ။ မြို့နယ်နဲ့ ရပ်ကွက်တွေက ဆရာတော်တွေက တစ်အိမ် တစ်ယောက်ကျခေါ်ပြီး ဒီဇင်ဘာ ၂၂ ရက်နေ့က အစည်းဝေးခေါ်ပြီး ဒီနေရာက မတ်လကို နောက်ဆုံးထားပြီး ထွက်ပေးရမယ်လို့ ပြောပါတယ်။ ဒီကလူတွေက ပန်းရန်လုပ်ကြတယ်၊ ဆိုက်ကား နင်းကြပါတယ်။ တချို့ လက်သမား လုပ်တယ်။ ဒီကထွက်ပေးရမယ်ဆိုရင် သူတို့တွေမှာက အခက်ခဲရှိပါတယ်။ ဆွေမျိုးတွေလည်း မရှိတော့ သွားစရာလည်း မရှိတော့ဘူးလေ” ဟု ပြောသည်။

အဆိုပါ ကိစ္စနှင့်ပတ်သက်ပြီး ရခိုင်ပြည်နယ် စည်ပင်ဝန်ကြီး ဦးဝင်းမြင့်အား နိရဥ္စရာမှ ဆက်သွယ်ခဲ့ရာ ဖယ်ရှားခံရသူများအနေဖြင့် နေရာအခက်အခဲရှိပါက ပြည်နယ်အစိုးရဆီ တရားဝင် တင်ပြသင့်ကြောင်း ပြောကြားသည်။

“ဒါကတော့ သာသနာ့နယ်မြေဖြစ်တဲ့အတွက် ဖယ်ရှားပေးရမယ်ပေါ့နော်။ အစိုးရဆီကို သူတို့က အသနားခံစာ တင်ပြီး နေထိုင်စရာနေရာ တောင်းသင့်ပါတယ်။ အဲဒီအခါကျမှ အစိုးရက လုပ်ပေးနိုင်ရင် လုပ်ပေးမှာ ပေါ့နော်။ သူတို့လည်း အခက်ခဲရှိတာပဲလေ။ အခက်ခဲရှိတဲ့ အကြောင်းအရာလေးကို လူကြီးတွေ သိအောင် တင်ပြပေါ့နော် ” ဟု နိရဥ္စရာသို့ ပြောသည်။

၎င်းနေအိမ် ၂၇ဆောင်ထဲမှ အချို့မှာ ၂ဝ၁၂ ခုနှစ်မှစ၍ လာရောက်နေထိုင်ခဲ့ကြခြင်းဖြစ်၍ ယင်းနေရာ အတွင်း နေထိုင်သည့် သက်တမ်းမှာ ၈ နှစ်ခန့် ရှိနေကြဖြစ်ကြောင်း သိရသည်။

ဆက်စပ် သတင်းများ