သောကြာ၊ ဧပြီလ ၁၉ရက်၊ ၂၀၂၄

၂၃၆ နှစ်မြောက် ရခိုင့်ဘုရင့်နိုင်ငံအချုပ်အခြာအာဏာကျဆုံးနေ့ အောက်မေ့ဖွယ်အထိမ်းအမှတ် ANP က ဆွမ်းကပ်လှူဒါန်း


  • ရေးသူ: Web Master
  • | ရက်စွဲ: ၃၁ ဒီဇင်ဘာ ၂၀၂၀
  • | ကြည့်ရှုသူ: 9.3k

ဆောင်းဇာခြည်
နိရဥ္စရာ၊ ဒီဇင်ဘာ ၃၁/ ၂ဝ၂ဝ

ယနေ့ ဒီဇင်ဘာ ၃၁ ရက်နေ့သည် ကျရောက်သည့်  ၂၃၆ နှစ်ပြည့် ရခိုင့်ဘုရင့်နိုင်ငံတော် အချုပ်အခြာအာဏာ ကျဆုံးနေ့တွင် အောက်မေ့ဖွယ် အထိမ်းအမှတ်အနေဖြင့် ရခိုင်အမျိုးသားပါတီဗဟို (ANP) မှ ဆရာတော်များကို ဆွမ်းကပ်လှူဒါန်းကြောင်း သတင်းရရှိသည်။

ပါတီမှ တာဝန်ရှိသူ တစ်ဦးဖြစ်သည့် ဦးအောင်မြကျော်က “၂၃၆ နှစ်တိုင်တိုင် ကြာခဲ့ပြီဖြစ်တဲ့ ကျွန်တော်တို့ရဲ့ ကိုယ့်ထီးကိုယ့်နန်း ကျဆုံးခဲ့တဲ့နေ့ကို ကျွန်တော်တို့ပါတီက ၂ဝ၁ဝ ကနေ နှစ်စဉ်နှစ်တိုင်း အခုလို လုပ်လာတာပေါ့။ ဒါက ကျွန်တော်တို့မှာ မေ့ပျောက်လို့ မရတဲ့ နေ့ရက်တစ်ရက်ပေါ့။ အခု သံဃာတော်တွေကို ဆွမ်းကပ်တာက ပါတီဗဟိုကနေ လုပ်တာပါ” ဟု နိရဥ္စရာသို့ ပြောသည်။

စစ်တွေ ANP ပါတီရုံးတွင် ရဟန်းသံဃာတော် ၅ ပါးအား ယနေ့ နေ့လယ်ဆွမ်း ကပ်လှူကြောင်းစစ်တွေမြို့ရှိ စိတ္တသုခဆရာတော်နှင့် အောင်မြေကုန်းဆရာတော်အပါအဝင် သံဃာတော် ငါးပါး ကြွရောက်ခဲ့ပြီး ပါတီမှ လှူဖွယ်ဝတ္ထုများကို လွှတ်တော်ကိုယ်စားလှယ်များနှင့် ပါတီဝင်တို့က စုပေါင်းဆပ်ကပ်လှူဒါန်းခဲ့ကြောင်း ၎င်းက ပြောကြားသည်။

ရခိုင်ဘုရင့်နိုင်ငံတော် အချုပ်အချာကျဆုံးနေ့ အခမ်းအနားအား နှစ်စဉ်နှစ်တိုင်း ကျင်းပလာခဲ့သော်လည်း ယခုနှစ်တွင် ကိုဗစ်ကြောင့် အကျဉ်းချုံးပြုလုပ်ခဲ့ခြင်း ဖြစ်သည်ဟု သိရသည်။ လည်း ဦးအောင်မြကျော်က ပြောသည်။

“ကျွန်တော်တို့မှာ အဓိက ကိုယ့်ထီးကိုယ့်နန်း အချုပ်အခြာအာဏာနဲ့ နေထိုင်ခဲ့ကြတဲ့ လူမျိုးတစ်ခု ကျဆုံးသွားတဲ့ နေ့ရက်တွေကို နောင်လာနောင်သားတွေ မေ့ပျောက်မသွားအောင်လို့ ပုံစံအမျိုးမျိုးနဲ့ နှစ်တိုင်း လုပ်တယ်ပေါ့။ အခွင့်အခါပေးရင် ဟောပြောပွဲတွေလုပ်ပြီး လုပ်တာတွေ ရှိတယ်။ ဒီနှစ်တော့ ကိုဗစ်ကြောင့်မို့လို့ ကျယ်ကျယ်ပြန့်ပြန့် မလုပ်ဖြစ်လိုက်ဘူး။ ဆွမ်းကပ်တာလောက်ပဲ လုပ်လိုက်ရတယ်ပေါ့။ အခုလို ကျယ်ကျယ်ပြန့်ပြန့် မလုပ်လိုက်ရတဲ့အတွက်လည်း စိတ်မကောင်းဖြစ်မိပါတယ်။ ဆွမ်းကျွေးတဲ့အတွက်လည်း အရမ်း ဝမ်းမြောက်ဝမ်းသာဖြစ်ရပါတယ်” ဟု ဦးအောင်မြကျော်က ဆက်ပြောသည်။

ယခင်နှစ်များက ဒီဇင်ဘာ ၃၁ ရက်နေ့သို့ရောက်လျှင် ရခိုင်ပြည်နယ်ရှိ မြို့နယ်အများအပြားနှင့် ရန်ကုန်တွင် ဝမ်းနည်းအောက်မေ့ဖွယ် အထိမ်းအမှတ်အခမ်းနားများအား ကျင်းပပြုလုပ်ခဲ့ကြသော်လည်း ယနှစ်တွင်မူ ကမ္ဘာ့ကပ်ရောဂါကြောင့် ထိုကဲ့သို့ ဝမ်းနည်းအောက်မေ့ဖွယ် အခမ်းအနားများ မကျင်းပနိုင်ခဲ့ကြကြောင်း သိရှိရသည်။

ရခိုင်ဘုရင့်နိုင်ငံတော်ကို သက္ကရာဇ် ၁၁၄၆ ခုနှစ်၊ ပြာသိုလ်လကွယ်နေ့၊ (ခရစ်သက္ကရာဇ် ၁၇၈၄ ခုနှစ်၊ ဒီဇင်ဘာလ ၃၁ ရက်နေ့) တွင် မန္တလေးအမရပူရဘုရင် ဘိုးတော်ဦးဝိုင်းက ဝင်တိုက်ခိုက်သိမ်းပိုက်ခဲ့သဖြင့် ရခိုင်ဘုရင့်နိုင်ငံ အချုပ်အခြာအာဏာကျဆုံးခဲ့ရသည်မှာ ယနေ့ဆိုလျှင် နှစ်ပေါင်း ၂၃၆ နှစ်ရှိပြီဟု သိရသည်။

ဆက်စပ် သတင်းများ