ကြာသပတေး၊ မတ်လ ၂၈ရက်၊ ၂၀၂၄

လူမှုရေးဆောင်ရွက်နေသည့် ရွှေရောင်မေတ္တာဖောင်ဒေရှင်းတွင် ဘဏ္ဍာရေးအခက်အခဲကြုံတွေ့နေရ၍ စေတနာရှင်များကိုဖိတ်ခေါ်


  • ရေးသူ: Web Master
  • | ရက်စွဲ: ၁၁ မတ် ၂၀၂၁
  • | ကြည့်ရှုသူ: 9.1k

ဇော်ဝင်းဋ္ဌေး( ငခူချောင်း)

နိရဉ္စရာ၊ မတ်လ ၁၁ / ၂၀၂၁

 

ရခိုင်ပြည်နယ်တွင် လူမှုရေးလုပ်ငန်းများအား ကူညီဆောင်ရွက်ပေးနေသည့် ရွှေရောင်မေတ္တာ ဖောင်ဒေးရှင်း အနေဖြင့် လက်ရှိတွင် ငွေရေးကြေးရေးအခက်အခဲများနှင့် ကြုံတွေ့နေရသည့်အတွက် စေတနာရှင်များအား လစဉ်ကြေးများ ထည့်ဝင်နိုင်ရန် ဖိတ်ခေါ်ထားကြောင်း သတင်းရရှိသည်။

 

ပုဏ္ဏားကျွန်း၊ ကျောက်တော်၊ မြောက်ဦး၊ မင်းပြားစသည့် မြို့နယ်များအပါအဝင် အခြားနယ်ဝေးများမှ ဆေးရုံဆင်းလူနာများအား ပို့ဆောင်ပေးရခြင်း၊သာရေး/ နာရေးကိစ္စများအား ကူညီဆောင်ရွက်ခြင်း စသည့် ကူညီဆောင်ရွက်ပေးရာတို့၌ စက်သုံဆီစျေးများမြင့်တက်လာမှုကြောင့် လက်ရှိတွင် ငွေရေး၊ ကြေးရေးအခက်အခဲများ ကြုံတွေ့နေရသည်ဟု ရွှေရောင်မေတ္တာဖောင်ဒေရှင်း ဥက္ကဋ္ဌ ဦးမင်းထည်ဝါက နိရဉ္စရာသို့ ပြောသည်။

 

ကျွန်တော်တို့ကူညီနေတာက အခမဲ့လမ်းကြောင်း၊ အခမဲ့ကူညီမှုတွေဘဲရှိတယ်။ တစ်လမှာ လမ်းကြောင်းပေါင်းများစွာကို ကူညီပို့ပေးနေရတဲ့အတွက် ဆီ(၇) ပီပါ ကုန်ကျတယ်။ ငွေကြေးအားဖြင့် တစ်လကို ၇ သိန်းလောက်ကုန်ကျတယ်။ ခုတော့ တစ်လကို ဆယ်သိန်းကျော်လောက် ကုန်ကျတော့ ငွေရေးကြေးရေး အခက်အခဲဖြစ်လာတယ်။ လမ်းကြောင်းတွေက ခရီးဝေးတွေပါတော့ လိုက်ပို့တဲ့အခါ အခမဲ့ဖြစ်တဲ့အတွက် အသင်းငွေက ကျခံရတယ်။ ဒါကြောင့် စေတနာရှင်တွေကို လစဉ်ကြေးထည့်ဝင်ဖို့ နှိုးဆော်တာပါ ဟုပြောသည်။

 

လစဉ်ကြေးကတော့ တတ်နိုင်သလောက် လှူဒါန်းနိုင်ပြီး လစဉ်ကြေးအားလည်း မိမိအသင်းမှ လိုက်လံ ကောက်ခံပေးမည်ဖြစ်ကြောင်း ၄င်းက ဆက်ပြောသည်။

 

ရွှေရောင်မေတ္တာဖောင်ဒေရှင်းကို ၂၀၁၉ စက်တင်ဘာလလောက်က စစ်တွေမြို့တွင်  စတင်ဖွဲ့စည်းခဲ့ပြီး အသင်းဝင်စုစုပေါင်း ၃၀၀ ခန့်ရှိပြီး လက်ရှိတွင် ပါဝင်လှုပ်ရှားနေသူ ၅၀ ဦးခန့်  ရှိကြောင်း သူက ဆက်ပြောသည်။

 

ရွှေရောင်မေတ္တာဖောင်ဒေးရှင်းသည် သာရေး၊ နာရေး ကိစ္စတွေအပြင် သဘာဝဘေးအန္တာရာယ်နှင့် ကြုံတွေ့သောအခါတွင်လည်း သယ်ယူပို့ဆောင်ရေးကိစ္စများအပါအဝင် ကူညီကယ်ဆယ်ရေး လုပ်ငန်းများကို ဆောင်ရွက်ပေးသည်ဟု သိရသည်။

 

အသင်းဝင်ဖို့လည်း ကမ်းလှမ်းလာတာတွေတော့ ရှိပါတယ်။ အမြဲတမ်းရုံးမှာနေပြီးတော့ ကူညီပေးနေကြသူတွေလည်း ရှိတယ်။ လောလောဆယ်ကတော့ အသင်းမှာ ကားခြောက်စီးရှိတယ်။ တစ်ချို့ရက်တွေဆိုရင် လူနာတင်ကား ၆ စီးနဲ့ မအားတာတွေတောင်မှ ရှိတယ် ဟုပြောသည်။

 

လက်ရှိတွင် အခြားအဖွဲ့အစည်းများနှင့်လည်း ပူးပေါင်းချိတ်ဆက်နေကြောင်း သူကဆက်ပြောသည်။

 

မြဝတီအသင်း၊ မှုဆယ်အသင်း၊လားရှိုးအသင်းတွေနဲ့ ပူးပေါင်းဆောင်ရွက်ဖို့ ချိတ်ဆက်ထားပါတယ်။ အသင်းဝင်မည့်သူတွေကိုလည်း ရွှေရောင်မေတ္တာဖောင်ဒေရှင်းအနေဖြင့် ကြိုဆိုနေပါတယ်။ ခွင့်ပြုထားပါတယ် ဟုပြောသည်။

ဆက်စပ် သတင်းများ