သောကြာ၊ ဧပြီလ ၁၉ရက်၊ ၂၀၂၄

ရန်ကုန်မှ ရခိုင်အလုပ်သမားများ ၅၀၀ ခန့်ကို တစ်ပတ်အတွင်းနေရပ်သို့ အခမဲ့ပြန်ပို့မည်


  • ရေးသူ: Web Master
  • | ရက်စွဲ: ၁၈ မတ် ၂၀၂၁
  • | ကြည့်ရှုသူ: 4.6k

ဇွဲဓန(ကိန်းသာမြေ)

နိရဉ္စရာ၊ မတ်လ ၁၈ / ၂၀၂၁

ရန်ကုန်တွင် အလုပ်လုပ်ကိုင်နေသည့် ရခိုင်အလုပ်သမား ၅၀၀ ခန့်ကို ယခုအပတ်အတွင်း ရခိုင်သဟာယအသင်းက လူစီးကား (၁၀) စီးဖြင့်အခမဲ့ကူညီပို့ဆောင်ပေးသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။

ယခုပြန်ကြမည့်သူအများစုမှာ လှိုင်သာယာမြို့နယ် နှင့် ရွှေပြည်သာမြို့နယ်ရှိ  စက်ရုံအလုပ်ရုံများတွင် အလုပ်လုပ်ကိုင်နေသူများ ဖြစ်ကြောင်း၊ နေရပ်သို့ ပြန်ရန် အခက်ခဲဖြစ်နေသဖြင့် ရခိုင်သဟာယ အသင်း၏ အစီအစဉ်ဖြင့်  ကူညီပို့ဆောင်သွားမည်ဖြစ်ကြောင်း ရခိုင်သဟာယအသင်း အထွေထွေ အတွင်းရေးမှူး ဦးကိုကျော်မောင်က နိရဉ္စရာသတင်းဌာနသို့ ပြောသည်။

ပို့ဆောင်မှာက Express ကားကြီး ၁၀ စီးလောက် ခန့်မှန်းထားတယ်။ ကားတစ်စီးမှာ ၄၅ ယောက် ဆံ့တယ်။ စုပေါင်း ဦးရေ ၅၀၀ ခန့်လောက်ကို ပို့ဆောင်သွားမှာ ဖြစ်တယ်။ ဒီတစ်ပတ်အတွင်းမှာ ပို့ပေးမှာဖြစ်တယ်ဟု ပြောသည်။   

ရန်ကုန်မြို့တွင် စက်ရုံ အလုပ်ရုံများပိတ်သွားပြီ ဖြစ်သဖြင့် ရခိုင်အလုပ်သမားများမှာ အလုပ်အကိုင်မဲ့ဖြစ်ကာ အခက်အခဲဖြစ်နေကြကြောင်း၊ အထူးသဖြင့် အမျိုးသမီးငယ်များ အခက်အခဲအများအပြားနှင့် ကြုံတွေ့နေရသည်ဟု ၎င်းက ပြောသည်။

သူတို့တွေက အခု ရန်ကုန်မှာ အခက်ခဲတွေနဲ့ ကြုံနေရတယ်။  စက်ရုံတွေကလည်း အခုက ပိတ်ထားရတယ်။ အဲဒါကြောင့် သူတို့တွေက ဒုက္ခရောက်နေကြတာဖြစ်တယ်။   ပြီးတော့ ဆန္ဒပြနေကြတာလည်း နေ့တိုင်း ပြနေကြတာပေါ့။ ရခိုင်ကို ပြန်မယ့်လူတွေကို ကျနော်တို့ အသင်းက  အခမဲ့ ကူညီပေးနေတာပါဟု ပြောသည်။

ရွေ့ပြောင်း ရခိုင်အလုပ်သမားများသည် နေထိုင်စားသောက်ရေးနှင့်  ရခိုင်ပြည်နယ်သို့ ပြန်ရန်အခက်ခဲဖြစ်နေကြောင်း၊ ၄င်းတို့အား  နေရပ်သို့ပြန်နိုင်ရန် ကူညီပို့ဆောင်သွားမည်ဖြစ်ကြောင်း  ရခိုင်သဟာယ အသင်းက ပညာရေးကော်မတီ အတွင်းရေးမှူး ဦးထွန်းဝင်းက ပြောသည်။

ပထမဆုံး ဦးစားပေးကတော့ ကလေးတွေနဲ့ သက်ကြီးရွယ်အိုတွေပါတယ်။ ပြီးတော့ ကိုယ်ဝန်ဆောင် မိခင်တွေနဲ့ ရောဂါဝေဒနာ ခံစားနေရတဲ့ လူတွေဖြစ်တယ်။ ပြီးတော့ စက်ရုံတွေပိတ်ထားပြီး အလုပ်မဆင်းရပဲ နေထိုင်စားသောက်ရေးအတွက် ဒုက္ခရောက်နေတဲ့ လူတွေပေါ့။ အဲဒီလူတွေကို ဦးစားပေးအနေနဲ့ ကူညီပို့ဆောင်သွားမှာဖြစ်တယ်။  ရခိုင်ကို ပြန်ချင်တဲ့လူတွေကို အကုန်လုံး ကူညီပို့ပေးသွားမှာ ဖြစ်တယ်။  သူတို့တွေ ပြောတာက အလုပ်လည်း မဆင်းရဘူး။ သေနတ်သံ တွေလည်း နေ့တိုင်း ကြားနေရတယ်လို့ အဲသလို ပြောတယ်။ ပြီးတော့ သူတို့တွေမှာ အလုပ် မဆင်းရဆိုတော့ အဆောင်ဖိုခ ပေးမဲ့ငွေကြေး အခက်ခဲတွေ ရှိတယ်လို့ ပြောကြတာပေါ့ဟု ပြောသည်။

ပြီးခဲ့သည့် မတ်လ ၁၄ ရက်နေ့ ရက်စွဲဖြင့် လှိုင်သာယာမြို့နယ်နှင့် ရွှေပြည်သာမြို့နယ်တို့အား စစ်အုပ်ချုပ်ရေးကျင့်သုံးမည်ဟု ကြေညာပြီးနောက် အခြေအနေစိုးရိမ်စရာဖြစ်လာသဖြင့် ၎င်းမြို့နယ်များမှ အလုပ်သမားများ ၎င်းတို့နေရပ်များသို့ ပြန်သွားနေကြခြင်း ဖြစ်သည်။

ရခိုင်သို့ ပြန်ကြသူ အများစု အလုပ်သမားများမှာ စစ်တွေ၊ ကျောက်တော်၊ မြောက်ဦး၊ မင်းပြား၊ ရသေ့တောင်၊ တောင်ကုတ်၊ သံတွဲ၊ ပုဏ္ဏားကျွန်းနှင့် ဘူးသီးတောင်တို့မှ ဖြစ်ပြီး တစ်ခြားမြို့နယ်များမှလည်း အနည်းငယ်စီ ပါဝင်ကြောင်း ၎င်းက ပြောသည်။

ရန်ကုန်တွင် ဆန္ဒပြပွဲများ နေ့စဉ်ရက်ဆက် ဖြစ်ပေါ်နေရာမှ စားဝတ်နေရေး အခက်ခဲ ကျရောက် လာသဖြင့် ရခိုင်ရွေ့ပြောင်းအလုပ်သမား ၁၅၀၀ ခန့်သည် ယခုလ ပထမအပတ်က ရန်ကုန်မှ ရခိုင်သို့ ပြန်သွားကြသည်ဟု သိရသည်။

ဆက်စပ် သတင်းများ