ကြာသပတေး၊ ဧပြီလ ၁၈ရက်၊ ၂၀၂၄

ရခိုင်ပဋိပက္ခများအတွင်းသေဆုံးသူများအထဲမှလူ၉ ဦး၏ကျန်ရစ်သူမိသားစုကို ရခိုင့်ဂုဏ်ဆောင်မိသားစုအဖြစ်သတ်မှတ်ပြီး ကရုဏာစာနာမှုမှတ်တမ်းပေးအပ်


  • ရေးသူ: Web Master
  • | ရက်စွဲ: ၀၄ ဧပြီ ၂၀၂၁
  • | ကြည့်ရှုသူ: 8.8k

အောင်လင်းထွန်း

နိရဉ္စရာ ဧပြီ ၄/၂ဝ၂၁


၂၀၁၂ -၂၀၁၉ ခုနှစ်အတွင်း ရခိုင်ပဋိပက္ခများ၌ သေဆုံးခဲ့ရသူများအထဲမှ လူ ၉ ဦး၏ ကျန်ရစ်သူ မိသားစုများကို ရခိုင်မျိုးစောင့် အဖွဲ့( ARG )က ရခိုင့်ဂုဏ်ဆောင်မိသားစု အဖြစ်သတ်မှတ်ပြီး ကရုဏာစာနာမှု ဂုဏ်ပြုမှတ်တမ်းများ ပေးအပ်ခဲ့ကြောင်းသတင်းရရှိသည်။

 

ယနေ့နံနက် ၈ နာရီက စစ်တွေမြို့ရှိ ရခိုင်မျိုးစောင့် အဖွဲ့( ARG ) ရုံးခန်းမတွင် အခမ်းအနားပြုလုပ်ပြီး ကျန်ရစ်သူ မိသားစု ၉ စုကို ဂုဏ်ပြုချီးမြှင့်ခဲ့ခြင်းဖြစ်သည်။

 

ရခိုင့်ဂုဏ်ဆောင်မိသားစု အဖြစ်သတ်မှတ်ပြီး ကရုဏာစာနာမှု ဂုဏ်ပြု မှတ်တမ်း ပေးအပ်ခံခဲ့ရသူ မိသားစုများမှာ ၂ဝ၁၂ ခုနှစ် ပဋိပက္ခအတွင်းမှာ သေဆုံးခဲ့သူနှစ်ဦးဖြစ်သည့် ရသေ့တောင်မြို့နယ် ကူတောင် ကျေးရွာမှ ဦးသံဒါအောင်နှင့် သားဖြစ်သူ ကိုထွန်းထွန်းဘူးသီးတောင်မြို့နယ် စည်တောင် ကျေးရွာမှ သေဆုံးခဲ့သူ ဦးမောင်အေးထွန်း၊ ဒေါ်သန်းညွှန့်၊ ကိုမြတ်ဆွေသိန်း၊ ကိုအောင်သန်းဌေးနှင့်  ပုဏ္ဏားကျွန်း မြို့နယ် ကျောက်ဆိပ် ကျေးရွာမှ ကိုမောင်မောင်ချေ၊ ကိုလူလှချေ၊ မောင်ဌေးဝင်းတို့ မိသားစုဝင်များဖြစ်သည်။

 

ရခိုင်မျိုးစောင့်အဖွဲ့(ARG) ဥက္ကဋ္ဌ  ဦဘအေးက " သေဆုံးသွားခဲ့တဲ့ ဦးသံဒါအောင်တို့သားအဖနှစ်ဦးရဲ့ ကျန်ရစ်တဲ့ မိသားစုအတွက် ကျပ်ဆယ်သိန်းအပြင် Arakan Golden Family ဆိုပြီး ရခိုင်အမျိုးသား အတွက် အသက်ပေးသွားသူတွေဆိုပြီး လက်မှတ် ပေးတယ်။ ပြီးတော့ ဘူးသီတောင်စည်တောင်က တစ်မိသားစုလုံးဗုံးခိုကျင်းထဲမှာ သေခဲ့ရသူ တွေနဲ့ ကျောက်ဆိပ်မှာ လက်နက်ကြီး ကျလို့ သေခဲ့ ရသူတွေကို ရခိုင့်ကရုဏာစာနာမှုလက်မှတ်ပေါ့" ဟုပြောသည်။

 

ဦးသံဒါအောင်နှင့်သားဖြစ်သူအတွက် ငွေကျပ် ၁ဝ သိန်းအပြင် ရခိုင်ပြည်နယ်တွင် ဖြစ်ပွားခဲ့သည့် တိုက်ပွဲအတွင်း သေဆုံးခဲ့ရသည့် အပြစ်မဲ့ ပြည်သူ ခုနှစ်ဦး အတွက် တစ်ဦးလျှင် ကျပ်သုံးသိန်းစီ မိသားစုဝင်များအားထောက်ပံ့ပေးခဲ့ကြောင်း ဆက်ပြောသည်။

 

" ဦးလေးတို့က အခုငွေထောက်ပံ့ပေမယ့်တစ်သက်လုံးတွက် လစဉ်ထောက်ပံ့ပေးသွားမှာမျိုး မဟုတ်ဘူး။ ဆေးကုသစရိတ်နဲ့ သူတို့အတွက် အရေးတကြီးလိုအပ်တဲ့အကူအညီတွေကို ပေးမှာပါ။ ဒီလက်မှတ်ကိုပြပြီး တစ်စုံတစ်ရာ အခက်အခဲကြုံလာရင် ဒီမိသားစုတွေက ဦးလေးတို့ဆီလာပြီး အကူအညီတောင်းခံနိုင်တယ်။ ARG ကနောက်ပိုင်းမှာ လုပ်မယ့် တည်းခိုခန်း၊ ဟိုတယ်လုပ်ငန်းတွေ ရှိလာဖို့ရှိယ်။ အဲဒီနေရာတွေမှာ ဒီလက်မှတ်ကိုပြရင် အခမဲ့ တည်းခိုခွင့်ရှိမယ်။ ARGနဲ့ ပတ်သက်တာတွေမှာ အခမဲ့ သုံးစွဲခွင့်ပြုမယ်ပေါ့" ဟုပြောသည်။

 

ကျောက်ဆိပ်ကျေးရွာတွင် မိသားစုတစ်ခုလုံးမှ သား ၃ ဦး လက်နက်ကြီးကျည်စထိမှန်သေဆုံးခဲ့သည့် ကိုမောင်မောင်ချေတို့၏ ဖခင် ဦးသန်းနိုင်က" ကျွန်တော်တို့ကို အစိုးရက်က ထောက်ပံ့မှု တစ်စုံတစ်ရာ မရှိခဲ့ဘူး။ ကျေးရွာဥက္ကဋ္ဌက တစ်ခါပေးတာတော့ရှိတယ်။ လူမှုအဖွဲ့အစည်းတွေကဘဲ ထောက်ပံ့ပေးတာရှိတယ်။ ခုလို ချီးမြှင့်တဲ့အတွက် သိပ်ကျေးဇူးတင်ပါတယ်" ဟုပြောသည်။

 

"ရခိုင်တစ်မျိုးသားလုံးအတွက် ကာကွယ်ခုခံရင်းနဲ့ ကျရှုံးသွားတဲ့ ကျန််ရစ်တဲ့မိသားစုကို ဂုဏ်ပြုတယ်၊ အထောက်အပံ့ပြုတဲ့အစီအစဉ်ဖြစ်တယ်။ စစ်ဘေးဒဏ်ကြောင့်ဖြစ်ဖြစ် သေဆုံးသွားတဲ့သူတွေကို ဂရုဏာ စာနာမှုပြု လက်မှတ်ချီးမြှင့်တယ်။  ဦးသံဒါအောင်နဲ့ သားဖြစ်သူကိုထွန်းထွန်းတို့ဟာ လွန်ခဲ့တဲ့  ၂ဝ၁၂ ခုနှစ်က ရခိုင်မှာ ဖြစ်ပွားခဲ့တဲ့ ပဋိပက္ခအတွင်း ကူတောင်ကျေးရွာက ကျဆုံးသွားခဲ့ကြတဲ့ ၁၁ ဦးအထဲက ဖြစ်ပါတယ်ဟု ဦးဘအေးက ပြောသည်။

 

၄င်းအပြင် ဦးမောင်အေးထွန်း၊ ဒေါ်သန်းညွန့်၊ ကိုမြတ်ဆွေသိန်းနှင့ ကိုအောင်သန်းဌေးတို့မှာ ဘူးသီးတောင်မြို့နယ် စည်တောင်ကျေးရွာမှ လွန်ခဲ့သည့် ၂ဝ၁၉ ခုနှစ် မတ်လအတွင်းက ဗုန်းခိုကျင်းတွင် ပုန်းအောင်းနေရာမှ တပ်မတော်သေနတ်ကျည်ထိမှန် သေဆုံးခဲ့ရသူများဖြစ်ကြောင်း ၄င်းတို့၏ မိသားစုဝင်များ၏ ပြောသည်။

 

နောက်ထပ်ဂုဏ်ပြုလက်မှတ်ရရှိသည့် ပုဏ္ဏားကျွန်းမြို့နယ် ကျောက်ဆိပ်ကျေးရွာမှ ကိုမောင်မောင်ချေ၊ ကိုလူလှချေ၊ မောင်ဌေးဝင်းတို့မှာ ၂ဝ၂ဝ ပြည့်နှစ် ဧပြီလအတွင်း ၄င်းတို့ကျေးရွာ အတွင်း လက်နက်ကြီး ကျည် ကျရောက်ပေါက်ကွဲရာတွင် သေဆုံးခဲ့ရသူများဖြစ်ကြောင်း ဦးဘအေး၏ ပြောပြချက်အရ သိရသည်။

 

ယနေ့နံနက်က ပြုလုပ်သည့် အခမ်းအနားသို့ ဆရာကြီးမောင်ဗသိန်း၊ ဒေါက်တာအေးမောင်၊ ဦးဝေစိန်အောင်၊ ဦးသာပွင့်၊ ဦးဖိုးကျော်သန်း၊ ဦးကျော်မောင်၊ ကိုဝေဟင်အောင်အပါအဝင် လူပေါင်း ၇၀  ခန့်တက်ရောက်ခဲ့သည်ဟု သိရသည်။

ဆက်စပ် သတင်းများ