ကြာသပတေး၊ မတ်လ ၂၈ရက်၊ ၂၀၂၄

ARG မှ စွန့်ပစ်ပစ္စည်းများဖြင့် ပလပ်စတစ်စက်ရုံတည်ဆောက်မည်


  • ရေးသူ: Web Master
  • | ရက်စွဲ: ၀၈ ဧပြီ ၂၀၂၁
  • | ကြည့်ရှုသူ: 5.5k

ဆောင်းဇာခြည်

နိရဉ္စရာ၊ ဧပြီ ၈/ ၂၀၂၁

ရခိုင်မျိုးစောင့်အဖွဲ့ (ARG) မှ စွန့်ပစ်ပစ္စည်းများဖြင့် ပလပ်စတစ်စက်ရုံတစ်ရုံကို ရခိုင်ပြည်နယ်တွင် တည်ဆောက်ရန် စီစဉ်နေကြောင်းသတင်းရရှိသည်။

သဘာဝပတ်ဝန်းကျင်အား ထိန်းသိမ်းရာရောက်အောင်နှင့် ဒေသဖွံ့ဖြိုးရေးကို ရည်ရွယ်၍ စွန့်ပစ်ပစ္စည်းများအား အကျိုးရှိရှိ အသုံးပြုနိုင်ရန်အတွက် ပလပ်စတစ်စက်ရုံ တည်ဆောက်ရန် စီစဉ်ရခြင်းဖြစ်ကြောင်း အဆိုပါ ARG အဖွဲ့ ဥက္ကဋ္ဌ ဦးဘအေးက နိရဉ္စရာသို့ ပြောသည်။

ရေတိုင်ကီဗူးတွေ၊ တခြားအရွယ်အစားတွေရှိတဲ့ ဗူးတွေ လုပ်ဖို့ စက်ရုံတွေ လုပ်မယ်။ ဘာလို့လဲဆိုတော့ သဘာဝပတ်ဝန်းကျင်ကိုလည်း ထိန်းသိမ်းရာရောက်အောင် စွန့်ပစ်ထားတဲ့ ပလပ်စတစ်တွေကို ပြန်ပြီး အသုံးချနိုင်အောင်အတွက် ဦးတည်ထားတယ်။ ဒေသဖွံ့ဖြိုးရေးကိုလည်း ရည်ရွယ်ထားတာပါတယ်ဟု ပြောသည်။

၎င်းပြင် ရေသန့်စက်ရုံကိုလည်း ကျန်းမာရေး ရှုထောင့်ကနေ ရည်ရွယ်ထူထောင်သွားမည်ဖြစ်ကြောင်း၊ စစ်တွေနှင့် မြောက်ဦးမြို့တို့တွင် ခရီးသွားများ လာရောက်တည်းခိုနိုင်ရန် တည်းခိုခန်းများ တည်ဆောက် သွားမည်ဖြစ်ကြောင်း ၎င်းက ပြောဆိုသည်။

နောက်တစ်ခါ ရေသန့်စက်ရုံတွေကို ဦးတည်ထားပါတယ်။ ရေသန့်က စီးပွားရေးအမြင်နဲ့ပဲ လုပ်နေကြတယ်။ အမျိုးသားကျန်းမာရေးအမြင်နဲ့ မလုပ်ကြဘူးပေါ့။ နောက်ဟိုတည်တွေလည်း စစ်တွေနဲ့ မြောက်ဦးမှာ တည်ဆောက်သွားဖို့ ရည်ရွယ် လုပ်ဆောင်နေပါတယ်ဟု ပြောသည်။

ဆောက်လုပ်မည့် စက်ရုံ၊ ဟိုတယ် အရေအတွက်အား လောလောဆယ် မသိနိုင်သေးသော်လည်း ယင်းလုပ်ငန်းများအား အကောင်အထည်ဖော်ရန် ယခုလ ဧပြီမှစ၍ စီစဉ်များ ချမှတ်လုပ်ဆောင်နေပြီဖြစ်ကြောင်း သူက ဆက်ပြောသည်။

ရခိုင်စီးပွားရေးဟာ ရခိုင်သူ/သားတွေရဲ့ လက်ထဲမှာရှိနေနိုင်အောင်လို့ ကျွန်တော်တို့က လုပ်ရတာ။ ဒါက အများပိုင် ကုမ္ပဏီပုံစံမျိုးနဲ့လုပ်တဲ့ စီးပွားရေးမဟုတ်ဘူး။ ဒါကို ကျွန်တော်တို့ ARG အဖွဲ့ဝင်တွေက စုပေါင်းပြီးတော့ လုပ်တဲ့စီးပွားရေးပါ။ ဒေသဖွံ့ဖြိုးရေးအတွက် အရှုံးခံပြီး လုပ်ရတဲ့အပိုင်းတွေလည်း ရှိနေတော့ အဖွဲ့အစည်းကဘဲ တာဝန်ယူလုပ်တာများပါတယ်ဟု ပြောသည်။

ARG အနေဖြင့် ရခိုင်ဒေသထွက် မုန်ညင်းဆီတိုးချဲ့ထုတ်လုပ်မှုများအားလည်း ဖြည်းဖြည်းချင်း အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြောသည်။

 ARG မှဦးဆောင်ကာ တည်းခိုခန်းများကို စစ်တွေနှင့် မြောက်ဦးမြို့တွင် တည်ဆောက်သွားမည်ဖြစ်ပြီး စက်ရုံများအား စစ်တွေနှင့် မင်းပြားမြို့တို့တွင် ဆောက်လုပ်သွားမည်ဖြစ်ကြောင်း သိရသည်။

 ရခိုင်မျိုးစောင့်အဖွဲ့  ( ARG)သည် လူမှုအဖွဲ့အစည်းတစ်ခုဖြစ်သော်လည်း အစုရှယ်ယာများခေါ်ပြီး စီးပွားရေးလုပ်ငန်းများကိုလည်း လုပ်ကိုင်နေရာ ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်အတွင်း အစုရှယ်ယာ သိန်း ၆၀၀ ကျော်ကို အစုရှင်များကို ခွဲဝေပေးနိုင်ခဲ့သည့်အထိ အောင်မြင်မှု ရရှိခဲ့သည်ဟု သိရသည်။

ဆက်စပ် သတင်းများ