သောကြာ၊ မတ်လ ၂၉ရက်၊ ၂၀၂၄

ရုပ်ရှင်နှင့်သရုပ်ဆောင်ခိုင်နှင်းဝေမွေးစားမည့် ၄၅ ရက်သာရှိသေးသည့် ရခိုင်ကလေးငယ်အပေါ် စိတ်ဝင်စားမှုများနေ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၀၉ ဧပြီ ၂၀၂၁
  • | ကြည့်ရှုသူ: 8.3k

ချစ်အိလှိုင်

နိရဉ္စရာ၊ ဧပြီ ၉/ ၂ဝ၂၁

ဖေ့စ်ဘုတ်လူမှုကွန်ယက်စာမျက်နှာ၌ ပျံ့နှံ့နေသည့် ရုပ်ရှင်နှင့် သရုပ်ဆောင် ဒေါ်ခိုင်နှင်းဝေ မွေးစားလိုက်ပြီဟုဆိုသော ၄၅ ရက်သာရှိသေးသည့် ရခိုင်ကလေးငယ်နှင့် ပတ်သက်ပြီး ရခိုင်အမျိုးသားများအကြား စိတ်ဝင်စားမှုများပြားမှုနှင့်အတူ မေးမြန်းစုံစမ်းမှုများ ရှိနေကြောင်း သတင်းရရှိသည်။

သို့အတွက် ၎င်းကလေးငယ်ကိစ္စကို ဒေါ်ခိုင်နှင်းဝေနှင့် ဆက်သွယ်ရရှိထားသူ  ရသေ့တောင်မြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်ဟောင်း ဒေါ်ခင်စောဝေသို့ နိရဉ္စရာသတင်းဌာနမှ ဆက်သွယ်ရာ ၎င်းကလေးငယ်မှာ တနင်္သာရီတိုင်းမြို့တော် ထားဝယ်မှတစ်ဆင့် ရန်ကုန်သို့ ပို့ဆောင်လိုက်သည့်  ရခိုင်စစ်ဘေးရှောင်ကလေးငယ်ဖြစ်ကြောင်း သူမက ပြောသည်။

ဒေါ်ခင်စောဝေက ကာယကံရှင် ဒေါ်ခိုင်နှင်းဝေအား ဆက်သွယ်ရာတွင် ၄င်းတို့က ကလေးငယ်မှာ ရခိုင်မှ ထားဝယ်သို့ရောက်နေသည့် စစ်ဘေးရှောင် ကလေးငယ်ဖြစ်ကြောင်း ပြောကြားခဲ့သည်ဟု ဒေါ်ခင်စောဝေကပြောသည်။  

  ကလေးကထားဝယ်ဖက်ကနေ ကြားအကူအညီနဲ့ပို့လိုက်တာလို့သိရတယ်။ ရခိုင်ကနေ ကလေးအမေက ထားဝယ်ကို ရောက်သွားတဲ့သဘောရှိတယ်။ စိတ်ချရတဲ့နေရာကို ပို့ချင်လို့ ဖုန်းဆက်လာတယ်လို့ သူမကပြောတယ်။ ကလေးက ၄၅ ရက်သားလေးလို့သိရတယ်။ ကျွန်မရဲ့လူမှုကွန်ယက်ဖေ့စ်ဘုတ်မှာလည်း ဒီဟာကို ရေးသားထားပါတယ်ဟုပြောသည်။

အဆိုပါကလေးငယ်ကိစ္စနှင့် ပတ်သက်၍ ပတ်သက်၍ နိရဉ္စရာသတင်းဌာနမှ ဒေါ်ခိုင်နှင်းဝေအားဆက်သွယ်ရာ သူမ၏ ကလေးများစောင့်ရှောက်ရေးဂေဟာမှ တာဝန်ကျဝန်ထမ်းက ကလေးငယ်၏ အကြောင်းနှင့် ပတ်သက်၍ ဒေါ်ခင်စောဝေအား ဖြေကြားထားပြီးဖြစ်သဖြင့် ၄င်းတို့အနေဖြင့် တစ်စုံတစ်ရာထပ်မံဖြေဆိုနိုင်ခြင်းမရှိကြောင်း ပြောဆိုကာ ဖုန်းချသွားခဲ့သည်။

ကလေးငယ်နှင့်ပတ်သက်၍ ယမန်နေ့ ဧပြီလ ၇ ရက်နေ့က သရုပ်ဆောင်ခိုင်နှင်းဝေ၏ ဖေ့စ်ဘုတ်စာမျက်နှာတွင် ဖခင်ကတာဝန်မယူပဲ စွန့်ပစ်ထားပြီး မိခင်က စစ်ပြေးရင်း ဆုံးသွားခဲ့တဲ့ အတွက် တစ်ယောက်ထဲ ကျန်ခဲ့သည့် သားငယ်လေးကို ခေါ်ယူ စောင့်ရှောက်မွေးစားဖြစ်ပါတယ်ရှင်။  ကလေးက ၄၅ ရက်ပြည့်ပြီမို့ လေယာဉ်စီးလို့ရတဲ့ အတွက် မနက်ဖြန်လေယာဉ်နဲ့ ရန်ကုန်ကို ရောက်ရှိလာမှာ ဖြစ်ပါတယ်ရှင်။ တဖက်မှာလည်း အခက်အခဲတွေနဲ့ တစ်ဖက်ကလည်း စောင့်ရှောက် ပေးရတဲ့အတွက် ရတဲ့ပီတိတွေနဲ့ ကြိုးစားရုန်းကန်အားမွေးနေရပါတယ်ရှင်ဟု ရေးသားခဲ့သည်။

ယင်းနောက် ယမန်နေ့ နေ့လယ်က ရခိုင်သားလေး ရန်ကုန်ရောက်ပါပြီရှင်ဟု ကလေးအား လေဆိပ်တွင် သွားကြိုဆိုသည့် စာသားနှင့်ပုံကို ဒေါ်ခိုင်နှင်းဝေက သူမ၏ ဖေ့စ်ဘုတ်စာမျက်နှာတွင် ဖော်ပြခဲ့သည်။

အဆိုပါ ကလေးငယ်ကိစ္စ ဖေ့စ်ဘုတ်လူမှုကွန်ယက်စာမျက်နာပေါ်တွင် တက်လာပြီးနောင်  ရခိုင်ပြည်နယ်ရှိ ဒေသခံများက ကလေးနှင့် ပတ်သက်သည့် အကြောင်းစုံကို သိရှိလိုကြောင်း လူမှုစာမျက်နှာများတွင် ရေးသားမှုများ ပျံ့နှံ့လာခဲ့သည်။

ရခိုင်ရှိ လူမှုရေးလုပ်ငန်းများလုပ်ကိုင်နေသည့် စာရေးဆရာ ဦးဝေဟင်အောင် အနေဖြင့် ကလေးငယ်မှာမည်သည့် နေရာဒေသမှ ကလေးငယ်ဖြစ်သည်ကို သိရှိလိုပြီး၊ ဖခင်ဖြစ်သူနှင့် အဆက်အသွယ်ရနိုင်အောင်ကြိုးစားနေကြောင်း နိရဉ္စရာသတင်းဌာနသို့ ပြောသည်။

ကျွန်တော်လည်း ညနေပိုင်းကအင်တာနက်ဖွင့်ကြည့်မှ သိတယ်။ ကျွန်တော်တို့ကတော့ လူမှု အဖွဲ့အစည်းတွေနဲ့ တွေ့ဆုံဆွေးနွေးတာမရှိသေးဘူး။ ကျွန်တော်တို့အနေနဲ့ဘယ်လိုဖြစ်ချင်လဲဆိုရင် နံပါတ်တစ် အဲဒီကလေးရဲ့မှုလပိုင်ရှင်ဖြစ်တဲ့ ကလေးအဖေနဲ့ အဆက်အသွယ်ရဖို့ ကြိုးစား နေကြတယ်ပေါ့။ ဘာလို့ဆိုရင် အဖေတစ်ယောက်အနေနဲ့ပြောရင် ကျွန်တော်တို့ ပြောတာထက်အများကြီးအားရှိတယ်။ အဲဒီကလေးနဲ့ပတ်သက်ပြီး အချက်အလက်ဘာတစ်ခုမှ မသိရသေးဘူးဟုပြောသည်။

 စာရေးဆရာ ဝေဟင်အောင် ၏ဖေ့စ်ဘုတ်စာမျက်နှာတွင်လည်း ကလေးငယ်၏ ဖခင်ဖြစ်သူက ဆက်သွယ်ပေးပါရန်   မောင်သန်းဝေဖုန်း-၀၉၄၅၂၄၂၈၄၇၆/ ကျော်ဟိန်းဖုန်း-၀၉၄၅၃၇၂၅၆၂၀/ မြတ်မင်းဌေး -၀၉၆၉၆၈၅၅၁၄၃ တိုအားဆက်သွယ်ပေးရန် တောင်းဆိုထားသည်။

အဆိုပါကလေးငယ်မှာ လက်ရှိတွင် ခိုင်နှင်းဝေ ကလေးများဂေဟာ၌ စောင့်ရှောက်မှုကို ခံယူလျက်ရှိကြောင်း သိရသည်။

 

ပုံ- ခိုင်နှင်းဝေဖေ့စ်ဘုတ်

ဆက်စပ် သတင်းများ