- Web Master
- ၀၆ အောက်တိုဘာ ၂၀၂၃
ဆောင်းဇာခြည်
နိရဥ္စရာ၊ မေ ၂၈/ ၂၀၂၁
ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့မှ စာသင်ကျောင်းအချို့တွင် “ဒလန်ကျောင်း” ဟု ဆေးမှုတ်ရေးသားခဲ့ခြင်းများ ရှိကြောင်း သတင်းရရှိသည်။
ယမန်နေ့ မေလ ၂၇ ရက်နေ့ ည ၁၁ ကျော်တွင် တောင်ကုတ်မြို့၊ ဂူတာရပ်ကွက်ရှိ အထက (၂) စာသင်ကျောင်းတွင် အဆိုပါ စာသားအား အမည်မသိသူအချို့ ဆေးမှုတ်ရေးသားခဲ့ခြင်းဖြစ်ကြောင်း ဂူတာရပ်ကွက်စီမံအုပ်ချုပ်ရေးအဖွဲ့မှ ဥက္ကဋ္ဌ ဦးဝင်းအောင်က ပြောသည်။
“ဒလန်ကျောင်းဆိုပြီး အထက (၂) ကျောင်းမှာ ရေးခဲ့ကြပါတယ်။ အဲဒါကို သိသိချင်းပဲ သွားပြီး ဖျက်လိုက်ကြပါပြီ။ ဒလန်ကျောင်းဆိုပြီးပဲရေးတာပါ။ တခြားစာသားတွေ ရေးတာတော့ မဟုတ်ပါဘူး။” ဟု ပြောသည်။
ယင်းစာသားများအား ထိုကျောင်းရှိ အုတ်နံရံ နှစ်ခုတွင် အမည်မသိသူအချို့က အနီရောင် မှုတ်ဆေးဖြင့်ရေးသားခဲ့ခြင်းဖြစ်ကြောင်း အထက (၂) ကျောင်းမှ စာရေးကြီး ဦးမောင်မောင်ကြည်က ပြောသည်။
“ညဦးလောက်မှာ ဆေးလာမှုတ်ပြီး ရေးခဲ့ကြတာပါ။ ဘယ်သူတွေလာရေးမှန်းတော့ မသိပါဘူး။ စာတွေကတော့ ထုံးဖြူနဲ့ ဖျက်ပြီးသွားပြီ။ ဥက္ကဋ္ဌတို့ကတော့ ညတွင်းချင်းလာဖျက်သွားကြပါတယ်။ ကျွန်တော်မြင် တာကတော့ အုတ်နံရံကွင်း ၁၀ ပေ နှစ်ကွင်လောက်မှာ မှုတ်ဆေးနဲ့ ရေးခဲ့ကြတာပေါ့။ ” ဟု ပြောသည်။
ယင်းကိစ္စနှင့်ပတ်သက်ပြီး တောင်ကုတ်မြို့မရဲစခန်းသို့ နိရဥ္စရာမှ ဆက်သွယ်ရန် ကြိုးစားခဲ့သော်လည်း အဆက်သွယ်မရရှိခဲ့ပါ။
တောင်ကုတ်မြို့နယ်စီမံအုပ်ချုပ်ရေးမှူး ဦးစောမင်းသူအားလည်း နိရဥ္စရာမှ ဖုန်းဖြင့်အကြိမ်ကြိမ် ဆက်သွယ်ခဲ့သော်လည်း ဖုန်းလက်ခံဖြေဆိုခြင်းမရှိခဲ့ပါ။