ကြာသပတေး၊ မတ်လ ၂၈ရက်၊ ၂၀၂၄

ကျေးတောဆေးပေးခန်းအတွင်းရှိ ကတုတ်ကျင်းသဲအိတ်များကို ဖယ်ရှားရန်နှင့်ဆေးခန်းကို အမြန်ပြုပြင်ရန်လိုအပ်နေ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၃၀ မေ ၂၀၂၁
  • | ကြည့်ရှုသူ: 3.6k

သျှင်မင်းဇံ

နိရာဥ္စရာ၊ မေ ၃၀/ ၂၀၂၁

စစ်တွေမြို့နယ်မှ ကျေးတောရွာသားများ အားကိုးအားထားပြုနေရသည့်  ကျေးလက်ကျန်းမာရေးဌာနခွဲ၊ ဆေးပေးခန်းအတွင်း၌ ရဲတပ်ဖွဲ့ဝင်များ ယာယီလုံခြုံရေးယူခဲ့စဉ်က  ကတုတ်ကျင်း ဘန်ကာပြုလုပ်ခဲ့သည့် သဲအိတ်များကို ဖယ်ရှားရန်နှင့် ဆေးခန်းကို ပြုပြင်ရန် လိုအပ်နေကြောင်း ဒေသခံများက ပြောကြားသည်။  

၂၀၁၉ ခုနှစ် ဇွန်လ ၂၂ ရက်နေ့က ဆတ်ရိုးကျ ချောင်းဝတွင် ရပ်နားထားသည့် ရေတပ် စစ်ရေယာဉ် တစ်စီးကို ရက္ခိုင်တပ်တော် (AA) မှ  တစ်ခါသုံးရှော့တိုက် ဒုံးကျည် ၂ လုံးဖြင့် ပစ်ခတ်ခဲ့ပြီးသည့်နောက် ၎င်းကျေးလက်ဆေးပေးခန်းအတွင်း ရဲတပ်ဖွဲ့ဝင်များက သဲအိတ်များဖြင့် ကတုတ်ကျင်းပြုလုပ်ပြီး ယာယီလုံြုံရေးယူထားခဲ့သည်ဟု သိရသည်။

သို့အတွက် ကျေးတောရွာမမှ အိမ်တစ်ဆောင်ကို ငှားရမ်းပြီး ဆေးခန်းအတွင်းရှိ ဆေးပစ္စည်းများကို ပြောင်းရွှေ့ခဲ့ရသလို ဆေးခန်းကိုလည်း အဆိုပါ နေအိမ်တွင်ဖွင့်လှစ်ခဲ့ရသည်ဟု အဆိုပါ ကျေးရွာတွင် တာဝန်ထမ်းဆောင်နေသည့် ဆေးဝန်ထမ်းတစ်ဦးက ပြောကြားသည်။

နယ်မြေအခြေအနေတည်ငြိမ်လာပြီးနောက် ရဲတပ်ဖွဲ့ဝင်များ ၎င်းဆေးခန်းအတွင်းက  ပြန်လည် ထွက်ခွာသွားခဲ့သော်လည်း ၎င်းသဲအိတ်များကို မဖယ်ရှားဘဲထားခဲ့သည့်အပြင် ဆေးခန်းထဲတွင်လည်း စစ်နှင့် သက်ဆိုင်သည့် စွန့်ပစ်ပစ္စည်းများကျန်နေခဲ့သဖြင့် အားလုံးကို အမြန်ဖယ်ရှားပေးရန် လိုအပ်နေကြောင်း၊  ၎င်းအပြင် ဆေးခန်းရှိ ပြတင်းပေါက်များနှင့် တံခါးများမှာလည်း ချိုးဖျက် ခံထားရပြီး ခေါင်းမိုးမှ မိုးယိုမှုများရှိနေသဖြင့် ဆေးခန်းကို ပြန်လည် အသုံးပြုနိုင်ရေးအတွက် သက်ဆိုင်ရာက အမြန် ပြုပြင်ရန်လိုအပ်နေသည်ဟု ဆိုသည်။

အဆိုပါ ကိစ္စနှင့် ပတ်သက်ပြီး ကျေးတောအုပ်စုတွင် တာဝန်ကျနေသည့် သားဖွားဆရာ တစ်ဦးက တံခါးပေါက်တွေ၊ ပြတင်းပေါက်တွေနဲ့ ခေါင်းမိုးတွေ ပေါက်ပြဲပျက်စီးနေပါတယ်။ အခုက ကျေးတောရွာမမှာ အိမ်ဌားပြီး လာပြတဲ့သူတွေကို ကျန်းမာရေးစောင့်ရှောက်မှုပေးရတာက မလွတ်လပ်ဘူး။ လုံခြုံရေးတပ်ဖွဲ့ဝင်တွေ ပြန်သွားတော့လည်း အဲဒီ ဆေးပေးခန်းမှာ နေဖို့ အဆင်မပြေဘူး။ မိုးရာသီဆို အဆင်မပြဘူး။ အဲဒီ ဆေးပေးခန်းမှာ ဆရာမအနေနဲ့ ကျေးတောအုပ်စုက ရွာသူ/သားတွေကို ကျန်းမာရေးစောင့်ရှောက်မှုတွေ ပေးချင်ပါတယ်ဟု နိရာဥ္စရာကို ပြောသည်။

ယင်းကျေးလက်ဆေးပေးခန်းကို ယခုနှစ် မိုးမကျမည့် ပြုပြင်ပေးစေလိုကြောင်း၊ ၎င်းဆေးခန်းမှ နေပြီး ကျေးရွာသားများအား ဆေးဝါးကုသပေးလိုကြောင်း၊ ေးပေးခန်းနှင့် သက်ဆိုင်သည့် ပစ္စည်းများကိုလည်း ပြောင်းရွှေ့ချင်သော်လည်း လက်ရှိ ဆေးပေးခန်းမှာ ပြတင်းပေါက်များ၊ တံခါးပေါက်များ ပျက်စီးနေသဖြင့် လုံခြုံမှု မရှိဖြစ်နေကြောင်း သူမက ဆက်ပြောသည်။

ကျေးတောရွာမမှ ကျေးရွားသားတစ်ဦးက ဟုတ်တယ်။ သူတို့ ရဲတွေတော့ မရှိတော့ဘူး။ သင်္ကြန် ကျခင်ကနေ မရှိတော့ဘူး။ ဒါပေမဲ့ ဆေးပေးခန်းမှာ နေဖို့က အဆင်မပြေဘူးဖြစ်နေတယ်။ ပြတင်းပေါက်တွေ၊ ခေါင်မိုးတွေ ပျက်စီးနေပါတယ်ဟု ပြောသည်။

ရဲတပ်ဖွဲ့ဝင်များ နှစ်နီးပါးလုံခြုံရေးယူ နေထိုင်ခဲ့ကြပြီးသည့်နောက် ယိုယွင်းပျက်စီးကျန်နေခဲ့သည့် ဆေးခန်းကို အမြန်ပြုပြင်ပေးစေလိုသည်ဟု ၎င်းက ပြောကြားသည်။

ဆက်စပ် သတင်းများ