သောကြာ၊ မတ်လ ၂၉ရက်၊ ၂၀၂၄

စစ်တွေမြို့မစျေးကြီးရှိ ပျံကျစျေးသည်များအား မိုးလုံလေလုံဆိုင်ခန်းသစ်များသို့ ပြောင်းရွှေ့


  • ရေးသူ: Web Master
  • | ရက်စွဲ: ၁၇ ဇွန် ၂၀၂၁
  • | ကြည့်ရှုသူ: 4k

သျှင်မင်းဇံ

နိရဥ္စရာ၊ ဇွန် ၁၅/၂၀၂၁

ရခိုင်ပြည်နယ်၊ စစ်တွေမြို့၊ မြို့မစျေးကြီးရှိ ပျံကျစျေးသည်များအား ကိုးရီးယားမြေနေရာတွင် အသစ် ဆောက်လုပ်ထားသည့် မိုးလုံလေလုံဆိုင်ခန်းသစ်များသို့ ပြောင်းရွှေ့ထားပြီဖြစ်ကြောင်း သိရသည်။

မြို့မစျေးကြီးအတွင်း ယခင်ရောင်းချနေသည့်နေရာမှ ယခုနေရာသစ်သို့ ဇွန်လပထမပတ်အတွင်းမှစတင်ပြောင်းရွှေ့ရန် စည်ပင်က ညွှန်ကြားခဲ့သည့်အတွက် ပြောင်းရွှေ့ခဲ့ရခြင်းဖြစ်ပြီး ယနေ့အထိလည်း ပြောင်းရွှေ့နေကြဆဲဖြစ်သည်ဟု ပျံကျစျေးသည်များက ပြောသည်။

သို့သော် ယခုပြောင်းရွှေ့လိုက်သည့်နေရာသစ်သည် ချောင်ကျပြီး စျေးဆိုင်ခန်းများလည်း နေရာအပြောင်းအလဲဖြစ်သွားသည့်အတွက် ရောင်းအားမကောင်းဖြစ်နေသည်ဟု သူတို့က ပြောသည်။

သစ်သီးမျိုးစုံရောင်းချနေသော ဦးလှမင်းကျော်က အခုကတော့ ရောင်းအား အရမ်းကျသွားတယ်။ လူတွေလည်း ဒီနေရာကို မသိတာလား။ မလာတာလား မသိဘူး။ သစ်သီးတွေက လူသွား လူလာများတဲ့ နေရာတွေမှာ မြင်အောင်ပြပြီး ရောင်းတာ ပိုအဆင်ပြေတယ်။ အရင်လမ်းမှာ ရောင်းနေတဲ့အခါ မိုးရာသီဆိုရင် တစ်ရက်ကို ဖောက်သည်တွေနဲ့ ဆို (၁၀) သိန်း ဖို့လောက် ရောင်းရပါတယ်။ အခုက တစ်သိန်းဖို့ ရောင်းထွက်ဖို့တာ အခက်အခဲဖြစ်နေပါတယ်။ဟု ပြောသည်။

ယင်းအပြင် တချို့စျေးသည်များကို မိမိတို့ရရှိထားသည့်ဆိုင်ခန်းများကို ရောင်းချကာ နဂိုနေရာဟောင်းတွင် သွားရောက်ရောင်းချနေမှုများရှိနေ၍ စည်ပင်အနေဖြင့် ကြပ်မတ်ပေးရန် တောင်းဆိုနေကြသည်။

ကစားစရာ အရုပ်အရောင်းဆိုင်ဖွင့်လှစ်ထားသည့် ဒေါ်မိုးသူဇာက နောက်ပြဿနာတစ်ခုရှိသေးတယ်။ တချို့ စျေးသည်တွေက ရထားတဲ့ ဆိုင်ခန်းတွေကို ရောင်းပြီး အရင်နေရာမှာ သွားရောင်းကြတယ်။ စျေးဝယ်လာသူတွေက ဒီနေရာအထိ မလာတော့ဘူးလေ။ လမ်းမှာ ရောင်းနေတဲ့ သူတွေမြင်သွားရင် အဲနေရာကပဲ ဝယ်သွားတယ်။ ပျံကျစျေးသည်တွေ အားလုံးကို အခုအသစ်ဆောက်လုပ်ပေးထားတဲ့ နေရာကို လာရောက် စျေးရောင်းချဖို့ လုပ်ပေးပါလို့ စည်ပင်ကို တိုက်တွန်းချင်ပါတယ်။ဟု နိရဥ္စရာသတင်းဌာနသို့ ပြောသည်။

အဆိုပါ ဆိုင်ခန်းများကို စစ်တွေမြို့နယ်စည်ပင်သာယာရေးအဖွဲ့က ဆိုင်ခန်းတစ်ခန်းလျှင် ကျပ်သိန်း (၂၀) ဖြင့် ပထမ အရစ် ၅၀% ဖြစ်သည့် ကျပ် (၁၀) သိန်းပေးသွင်းကာ ရောင်းချစေခဲ့ခြင်းလည်း ဖြစ်သည်။

သစ်သီးယိုများရောင်းချနေသည့် အသက် (၆၄) အရွယ် အဖွားဒေါ်အညွန့်က စျေးနေရာက စိမ်းနေတယ်။ အရင်နေရာထက် ပိုကောင်းပါတယ်။ လူတွေက မရောက်ဘူး။ ဖောက်သည်လောက်ပဲ ရောက်ကြတယ်။ အခုနေရာက မိုးလုံလေလုံကောင်းပါတယ်။ အရင်က သုံးပေ နေရာလေးမှာ ရောင်းစားခဲ့ရတာပါ။ မိုးရွာရင် မိုးစိုခံပြီး ရောင်းရတယ်။ အသက်ကြီလာတော့ မနာမကျန်းဖြစ်လာတဲ့ အခု နေရာလေးတစ်ခုကတော့ အဆင်ပြေသွားတယ်။ သိန်းနှစ်ဆယ်ပေးရရင်လည်း ပေးရပေါ့။

ယခုစျေးဆိုင်ခန်းအသစ်များကို ပြီးခဲ့သည့် ၂၀၂၀ ပြည့်နှစ် ဇွန်လတွင် ဆောက်လုပ်ခဲ့ခြင်းဖြစ်ပြီး ၅ ပေ × ၆ ပေ အကျယ်အဝန်းရှိ ဆိုင်ခန်းပေါင်း ၅၇၆ ခန်းပါဝင်သည်ဟု သိရသည်။

ဆက်စပ် သတင်းများ