အင်္ဂါ၊ ဧပြီလ ၂၃ရက်၊ ၂၀၂၄

ကိုဗစ်ကြောင့် ရခိုင်ရှိ UN/INGO/NGO များ လုပ်ငန်း (၄)ခုကိုသာလုပ်ကိုင်ခွင့်ပြု


  • ရေးသူ: Web Master
  • | ရက်စွဲ: ၁၃ ဇူလိုင် ၂၀၂၁
  • | ကြည့်ရှုသူ: 8.6k

မာန်ယုကျော် (ရွှေဝမြေ)
စစ်တွေ၊ ဇူလိုင် ၁၃ / ၂ဝ၂၁
ကူးစက်မြန်ကိုဗစ်ရောဂါကို ကာကွယ်ထိန်းချုပ်နိုင်ရန်ဟုဆိုကာ ရခိုင်ပြည်နယ်အတွင်းရှိ UN/INGO/NGO များ၏လုပ်ငန်းများအနက် လုပ်ငန်း(၄)ခုကိုသာဆောင်ရွက်ကြရန် ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီက အကြောင်းကြားလိုက်ကြောင်း သိရသည်။
ယင်းလုပ်ငန်း (၄)ခုမှာ စားနပ်ရိက္ခာ ထောက်ပံ့ခြင်းလုပ်ငန်း၊ Covid-19 ရောဂါကာကွယ်ရေးပစ္စည်းများထောက်ပံ့ခြင်းလုပ်ငန်း၊ မဖြစ်မနေဆောင်ရွက်ရမည့်ကျန်းမာရေးလုပ်ငန်းနှင့် ရေနှင့်မိလ္လာရေဆိုးစနစ်ဆောင်ရွက်ခြင်းလုပ်ငန်းတို့ဖြစ်သည်။
ယင်းလုပ်ငန်းများမှအပ ကျန်စီမံကိန်းလုပ်ငန်းများအား Covid-19 ရောဂါကူးစက်ပြန့်ပွားနေစဉ်ကာလအတွင်း လုံးဝဆောင်ရွက်ခွင့်မပြုဟု ရခိုင်ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌကိုယ်စား ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် (၁) ဗိုလ်မှူးကြီးကျော်သူရက ဇူလိုင်လ ၁၂ ရက်နေ့တွင် လက်မှတ်ရေးထိုးထုတ်ပြန်ထားသည့်အကြောင်းကြားစာ၌ ဖော်ပြထားသည်။
“အဓိကတော့ ကိုဗစ်ကာကွယ်ရေးကို အခြေပြုပြီးတော့ ထုတ်ထားတာဖြစ်ပါတယ်။ ကာလကတော့ ဘယ်နေ့ကနေ ဘယ်နေ့အထိရယ်လို့တော့ ကာလသတ်မှတ်ထားချက်တော့ မပါဘူးလို့သိရပါတယ်။” ဟု ရခိုင်ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီ၏ပြောရေးဆိုခွင့်ရှိသူ ပြည်နယ်ဥပဒေချုပ်ဦးလှသိန်းက နိရ ဉ္စရာကို ပြောသည်။
ခွင့်ပြုပေးထားသည့်အချက်များမှအပ ကျန်လုပ်ငန်းစီမံကိန်းများကို ကျူးလွန်လုပ်ဆောင်ပါက ရခိုင်ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် (၁) ဗိုလ်မှူးကြီးကျော်သူရဦးဆောင်သောအဖွဲ့က ပြည်နယ်ကောင်စီသို့တင်ပြရမည်ဖြစ်ပြီး ယင်းမှသာ မည်ကဲ့သို့ အရေးယူမည်ဆိုသည်ကို ဆက်လက်လုပ်ဆောင်သွားမည်ဟု ပြောသည်။
လက်ရှိ ရခိုင်ပြည်နယ်အတွင်းဆောင်ရွက်နေသည့် UN/INGO/NGO အဖွဲ့အစည်းပေါင်း မည်မျှရှိသည်ဆိုသည်ကို ဗိုလ်မှူးကြီးကျော်သူရသာ သိနိုင်မည်ဟုဆိုသဖြင့် သူ့အား အကြိမ်ကြိမ်ဆက်သွယ်ခဲ့သော်လည်း ဖုန်းလက်ခံဖြေဆိုခြင်းမရှိခဲ့ပါ။
ရခိုင်ရှိ UN/INGO/NGO များအနေဖြင့် ယခုခွင့်ပြုလိုက်သော လုပ်ငန်း (၄)ခုကိုဆောင်ရွက်ရန် ခွင့်ပြုချက်လျှောက်ထားတင်ပြရာတွင် ကွင်းဆင်းဆောင်ရွက်မည့်ဝန်ထမ်းများသည် Covid-19 ကာကွယ်ဆေး (၂)ကြိမ်ထိုးထားသည့် ဆေးထောက်ခံချက်များဖြင့် ပူးတွဲတင်ပြသွားရန်လိုသည်ဟု အကြောင်းကြားစာတွင် ထည့်သွင်းဖော်ပြထားသည်။
ယင်းနောက် ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီ၏ခွင့်ပြုချက်ရရှိပြီးနောက် ကွင်းဆင်းဆောင်ရွက်မည့်ဝန်ထမ်းများအား သက်ဆိုင်ရာကျန်းမာရေးဦးစီးဌာနတွင် Covid -19 ရောဂါပိုး ရှိ/မရှိစစ်ဆေး၍ ရောဂါပိုးမရှိကြောင်း ထောက်ခံချက်အား သက်ဆိုင်ရာမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့များသို့တင်ပြပြီးမှသာ လုပ်ငန်းများဆက်လက်ဆောင်ရွက်ရေး အထူးအလေးထားလိုက်နာဆောင်ရွက်သွားကြရန်လည်း ဆိုထားသည်။

ဆက်စပ် သတင်းများ