သောကြာ၊ ဧပြီလ ၁၉ရက်၊ ၂၀၂၄

မောင်တောမြို့အတွင်း ကိုဗစ်အတည်ပြုလူနာတွေအရေးကို စေတနာ့ဝန်ထမ်း ကူညီလုပ်ကိုင်ပေးနေတဲ့ ဂရုဏာကွန်ယက်အသင်း(မောင်တောမြို့နယ်) ဥက္ကဋ္ဌကိုချစ်ထူးခိုင်နဲ့ မေးမြန်းခြင်း


  • ရေးသူ: Web Master
  • | ရက်စွဲ: ၂၂ ဇူလိုင် ၂၀၂၁
  • | ကြည့်ရှုသူ: 4.5k

ချစ်အိလှိုင်နှင့် သန္တာကျော်ဇော

နိရဉ္စရာ၊ ဇူလိုင်၂၂/၂၀၂၁

 

ရခိုင်ပြည်နယ် အနောက်ဘက်နယ်စပ် မောင်တောမြို့နယ်တွင် ကိုဗစ်ကူးစက်ဖြစ်ပွားမှု တစ်နေ့ထက် တစ်နေ့တိုးလာနေပြီး ဇူလိုင် ၂၀ ရက် ညနေထိ ကုသလူနာ ၃၆၆ယောက်၊ ဆေးရုံက ဆင်းခွင့်ရသွားတဲ့ သူကတော့ ၂၉၈ ယောက်၊ သေဆုံးကတော့ ၆ယောက်တယ်လို့ သိရပါတယ်။ ဒီကိုဗစ်လူနာတွေနဲ့ ပတ်သက်ပြီး မောင်တောမြို့ပေါ်မှာရှိတဲ့ လူမှုရေး အဖွဲ့အစည်းတွေကလည်း နိုင်တဲ့ဘက်က စေတနာ့ဝန်ထမ်း ဝိုင်းဝန်း ကူညီဆောင်ရွက်ပေးနေတာကို တွေ့နေရပါတယ်။ ဒီလို မောင်တောမြို့နယ်အတွင်း ကူညီဆောင်ရွက်နေတာနဲ့ ပတ်သက်ပြီး အခြေအနေတွေကို ဂရုဏာကွန်ယက်အသင်း(မောင်တောမြို့နယ်) ဥက္ကဋ္ဌကိုချစ်ထူးခိုင်ကို နိရဉ္စရာသတင်းဌာနက သတင်းထောက်ချစ်အိလှိုင်နှင့် သန္တာကျော်ဇောတို့က မေးမြန်းတင်ပြပေးလိုက်ပါတယ်။

 

မေး-အစ်ကိုနာမည်နဲ့ လက်ရှိ ဘယ်အဖွဲ့အစည်းမှာ ဘယ်လိုမျိုးတာဝန်ယူဆောင်ရွက်နေတယ်ဆိုတာကို ပထဆုံးပြောပြပေးပါလား။

ဖြေ- ဟုတ် ကျွန်တော့နာမည်ကတော့ ချစ်ထူးခိုင်ပါ။ မောင်တောမြို့နယ်ဂရုဏာကွန်ယက်အသင်းမှာ ဥက္ကဋ္ဌတစ်ယောက်ဖြစ်ပါတယ်။

 

 မေး-လက်ရှိမှာအသင်းအနေနဲ့ ကိုဗစ်တတိယလှိုင်းမှာ ဘယ်လိုကဏ္ဍကနေ ဝင်ရောက် ကူညီလုပ်ဆောင်ပေးနေတာတွေ ရှိပါသလဲ။

ဖြေ-ကျွန်တော်တို့အဖွဲ့ကတော့ အခုလက်ရှိမှာ ကျန်းမာရေးအဖွဲ့ပူးပေါင်းပြီးတော့ လူနာတွေကို ယူပေးပါတယ်။ အဓိကလုပ်ဆောင်နေကတော့ Dead Body  သေဆုံးအလောင်းတွေအတွက် နာရေးပေါ့နော်။ ကျွန်တော်တို့အဖွဲ့ကတော့ သံသယလူနာတွေကို ယူပေးတယ်။ ကိုဗစ်နဲ့ ဆုံးသွားတဲ့နာရေးတွေကိုလည်း တာဝန်ယူပြီး သဂြိုလ်ပေးပါတယ်။ ယင်းကိစ္စတွေကို ဆောင်ရွက်ပေးပါတယ်။

 

 မေး-အကိုတို့အဖွဲ့ကို ဘယ်လိုရည်ရွယ်ချက်တွေနဲ့ ဒီလို ကူညီဆောင်ရွက်ပေးနေတာပါလဲ။

ဖြေ- ကျွန်တော်တို့အဖွဲ့ကတော့ ၂၀၁၈ ခုနှစ်ကတည်းကနေ စတင်ဖွဲ့စည်းဖြစ်တာပါ။ ကျန်းမာရေး စောင့်ရှောက်မှုနဲ့ ပတ်သက်တဲ့ လုပ်ငန်းတွေကို နိုင်တဲ့ဘက်က ၀ိုင်းဝန်းကူညီ လုပ်ဆောင်ပေးမယ်ဆိုပြီး ဖွဲ့စည်းတာပါ။ အဓိကကတော့ ဆေးရုံ၊ ဆေးခန်းကိုမရောက်ဘဲ ဆုံးသွားတဲ့ သူတွေ မရှိရအောင်ဆိုပြီး အဲလိုရည်ရွယ်ချက်တွေနဲ့ တည်ထောင်ပြီး အခုလို ကိုဗစ်ကာလ အရေးကြီးတဲ့ အချိန်မှာ ဝင်ရောက် ကူညီဆောင်ရွက်ပေးနေတာ ဖြစ်ပါတယ်။

 

မေး-လက်ရှိကိုဗစ်မောင်တောအခြေအနေ ဘယ်လိုရှိနေပါလဲ။

ဖြေ- အခုကတော့ ကျွန်တော်တို့မှာ လူနာတင်ယာဉ်နှစ်စီးဘဲရှိတာကို ခွဲထားတယ်ပေါ့နော်။ အပြင်က လူနာတွေကို သယ်ယူဖို့သက်သက်တစ်စီးနဲ့ နောက်တစ်စီးကတော့ ကိုဗစ်သံသယလူနာတွေနဲ့ တစ်ခါတစ်လေ ကားထက်မှာ Positive အတည်ပြု ထွက်သွားတဲ့ ကိုဗစ်လူနာတွေကို သက်သက်တင်တဲ့ တစ်စီးပါ။ အခုလက်ရှိမောင်တောကိုဗစ်အခြေအနေကတော့ ကိုဗစ်ကနည်းနည်းများလာပါတယ်။ ဒီနေ့ ကျွန်တော်တို့မျက်မြင်ကိုယ်တွေ့ အရဆိုရင် ၁၆ယောက်တောင်တိုးရှိလာနေပါတယ်။ အရေးကြီးတဲ့ လူနာတွေပါလာနေတာကိုလည်း တွေ့ရပါတယ်။

 

မေး-အခုလက်ရှိကိုဗစ်နဲ့မောင်တောဆေးရုံမှာ ကိုဗစ်လူနာဘယ်နှစ်ယောက်ရှိနေပါလဲ။

ဖြေ- ဒီလ ၂၀ ရက် ညနေအထိတော့ ကုသလူနာ ၃၆၆ယောက်၊ ဆေးရုံကဆင်းခွင့်ရသွားတဲ့ သူကတော့ ၂၉၈ ယောက်၊ သေဆုံးကတော့ ၆ယောက်၊ အောက်ဆီဂျင်ရှူနေရတဲ့သူတွေကတော့ ၁ဝယောက်၊ ၂၀ နေ့မှာ ၁၆ ယောက် ထပ်တိုးတဲ့ထဲမှာလည်း အောက်ဆီဂျင်ရှူနေရတာ ၅ယောက်လောက်ပါတယ်။

မေး-မောင်တောမြို့အောက်ဆီဂျင်အခြေအနေကရော လုံလောက်မှုရှိနေပါလား။

ဖြေ-အခုလက်ရှိကျွန်တော်တို့ကြည့်ရသလောက်ကတော့ မြို့နယ်ကောင်စီက တစ်နေ့မှာ အောက်ဆီဂျင် ၅လုံး လာပေးပါတယ်။ စစ်တွေကနေတော့ တစ်ရက်မှာ အလုံး၂၀ လောက်ပေးပါတယ်။ မောင်တောက Oxygen plant တစ်ခုကတော့ တစ်ရက်မှာ ၃ လုံးထွက်ပါတယ်။ အခုအခြေအနေအရ ဒီအတိုင်း ဆက်သွားမယ်ဆိုရင်တော့ ကျွန်တော့အနေနဲ့ မလောက်နိုင်လို့မြင်ပါတယ်။

 

မေး-မောင်တောကထွက်တဲ့ ၃ဘူးဆိုတာက ဘူးကြီးပါလား။

ဖြေ-ဟုတ် 40L ဘူးကြီးပါ။

 

 မေး-လက်ရှိမှာ Volunteer စေတနာ့ဝန်ထမ် လုပ်နေကြတဲ့ အဖွဲ့အစည်းတွေအနေနဲ့လည်း ကိုဗစ်ကူးစက်ခံနေရတာတွေလည်းရှိနေပါတယ်။ အကိုတို့အဖွဲ့အနေနဲ့ကရောဒီလိုမျိုးဖြစ်တာရှိပါလား။

ဖြေ-အခုကျွန်တော်တို့အဖွဲ့အနေနဲ့တော့ ရှေ့တန်းမှာ ကျွန်တော်တစ်ယောက်တည်း အသင်း ဥက္ကဋ္ဌ တစ်ယောက်အနေနဲ့ မားမားမတ်မတ်လုပ်ကိုင်ရပ်တည်နေပါတယ်။ နောက်တန်းမှာဆိုရင်တော့ ဆေးဖြန်းဖို့လောက်ဘဲ ကျွန်တော်တို့အဖွဲ့တွေကို ထားပါတယ်။ ရှေ့တန်းမှာ ကလေးတွေကိုမခေါ်ပါ။ ရှေ့တန်းမှာ ကျွန်တော်တစ်ယောက်ဘဲ လုပ်ကိုင်နေပါတယ်။ နောက်တန်းမှာ ဆေးဖြန်းဖို့၊ အရေးပေါ် လူနာယူဖို့ ဆိုပြီး သူတို့ကို နောက်တန်းမှာ ထားပါတယ်။

 

မေး-အကိုတို့အသင်းရပ်တည်ဖို့နဲ့  ဘယ်လိုအခက်အခဲတွေရှိနေပါလဲ။

ဖြေ- အခက်အခဲဖြစ်တာကတော့ ကျွန်တော်တို့မှာ Ambulance ကားအလုံအလောက်မရှိပါ။ အခုတော့ Ambulance ကားတစ်စီးအလှူရထားပါတယ်။ နောက်ပြီးမောင်တောမြို့နယ်မှာ ကျွန်တော်တို့က ဆေးဖြန်းဖို့ တာဝန်ယူထားပါတယ်။ အဲတွက်ကြောင့် ကျွန်တော်တို့ ဆေးဖြန်းဖို့အတွက် ကား       အလိုရှိနေပါတယ်။ ဒါပေမဲ့ လောလောဆယ် စစ်တွေမြို့ကိုရောက်နေတဲ့ မောင်တောမြို့ခံသား တစ်ယောက်စီက ကားတစ်စီးလှူလို့ သန်ဖက်ခါ သွားယူပါမယ်။ ဒါကြောင့် အဲဒါတွေက ပြည့်စုံသွားပေမဲ့ လောလောဆယ် ကျွန်တော်တို့ PPELevel 2ဝတ်စုံ၊ လက်အိတ်၊ N95 mask နောက်ပြီး ဆေးဖြန်းဖို့အတွက် ဆေးဘူး၊ ဆေးရည်ဘူးတွေ လိုအပ်နေပါတယ်။ အခက်အခဲကတော့ မရှိပါ။ ဒါပေမဲ့ ကျွန်တော်ခုနက ပြောခဲ့သလို အလုပ်လုပ်ဖို့အတွက် PPEN95 mask၊ လက်အိတ်၊ ရှူးဖိနပ် အဲလိုမျိုးတွေ နဲနဲလိုအပ်နေပါတယ်။ အဲ့တာတွေမရှိလို့ နည်းနည်းအခက်အခဲရောက်နေပါတယ်။

 

မေး-လက်ရှိအကိုတို့အသင်းမှာ လုပ်ဆောင်နေတဲ့ Volunteer တွေအပေါ်မှာ အစိုးရကောင်စီတွေက တစ်စုံတစ်ရာပံ့ပိုးကူညီတာတွေရှိလား။ ကျန်းမာရေးဌာနကရော ကူညီပံ့ပိုးတာတွေ ရှိလား။

ဖြေ-ဟုတ်ပါတယ်။ အခုလက်ရှိကတော့ မြို့နယ်ကောင်စီနဲ့ ကျန်းမာရေးဌာနကလည်း ကျွန်တော်တို့ လိုတာတွေကို ကူညီပံ့ပိုးပေးပါတယ်။ အတူတကွပူးပေါင်းလုပ်ဆောင်နေတာတွေ ရှိပါတယ်။

 

 မေး-မောင်တောမြို့အခြေအနေက Covid နဲ့ ပတ်သက်လို့ ကြိုတင်ကာကွယ်မှု၊ လိုက်နာမှု အဖြေအနေတွေက ဘယ်လောက်အထိရှိနေလဲ။

ဖြေ- ကျွန်တော်တို့လက်ရှိမြင်နေရတာကတော့ အကိုတို့က ညဖက်ဆိုရင် အပြင်နည်းနည်း ထွက်ဖြစ်တယ်။ အခုထက်ထိလိုက်နာမှုမရှိသေးတာတွေကို မြင်ရတယ်။ ကိုယ့်မြို့သားတွေကိုလည်း အဓိက လိုက်နာမှုရှိစေချင်တယ်။ အခုထက်ထိ နှာခေါင်းစည်း mask မတပ်ဘဲသွားနေကြတာတွေ တွေ့ရှိရပါတယ်။ အဲဒါကြောင့် ဥပမာ mask မတပ်ရင် ဒဏ်ကြေးဆောင်ဖို့(သို့) ဖမ်းဆီးတာတွေကို အာဏာပိုင်အဖွဲ့အစည်းတွေက လုပ်ပေးစေချင်ပါတယ်။

 

 မေး-ကိုဗစ်ရောဂါဝေဒနာရှင်တွေနဲ့ မောင်တောမြို့သူမြို့သားတွေကို ဘယ်လိုမျိုး အမှာစကားတွေ ပြောချင်ပါလဲ။

ဖြေ- ကိုဗစ်ရောဂါဝေဒနာရှင်တွေကိုတော့ အားတင်းထားပါလို့ပြောချင်ပါတယ်။ နောက်ပြီး လိုအပ်တာရှိရင်လည်း ဘယ်အချိန်ဘဲဖြစ်ဖြစ် ကျွန်တော့်ကို ဖုန်းဆက်ပြီး အကူအညီ တောင်းနိုင်ပါတယ်။ မောင်တောမြို့သူမြို့သားတွေအနေနဲ့ကတော့ အိမ်မှာဘဲနေပြီးတော့ အပြင်ထွက်ရင်လည်း စည်းနဲ့ကမ်းနဲ့ mask ကိုတပ်ပေးကြဖို့ ကျွန်တော်မှာကြားချင်ပါတယ်။


(ပြီး)

ဆက်စပ် သတင်းများ