သောကြာ၊ ဧပြီလ ၁၉ရက်၊ ၂၀၂၄

စစ်တွေပွိုင့်ကမ်းခြေတွင်လည်ပတ်သူများ ကိုဗစ်စည်းကမ်းမလိုက်နာပါက အရေးယူခံရမည်ဟုဆို


  • ရေးသူ: Web Master
  • | ရက်စွဲ: ၀၃ ဒီဇင်ဘာ ၂၀၂၁
  • | ကြည့်ရှုသူ: 9.6k

သဥ္ဇာနွယ်
နိရဥ္စရာ၊ ဒီဇင်ဘာ ၂ / ၂ဝ၂၁
ရခိုင်ပြည်နယ်တွင် ရက်ပိုင်းအတွင်း ကိုဗစ်ပိုးတွေ့မှုများလာသဖြင့် စစ်တွေရှိ ပွိုင့်ကမ်းခြေသို့လာရောက်လည်ပတ်သူများအနေဖြင့် ကိုဗစ်စည်းကမ်းနှင့်အညီသွားလာခြင်းမရှိပါက အရေးယူခံရမည်ဟု ပြည်နယ်ကောင်စီ၏ပြောရေးဆိုခွင့်ရှိသူ ပြည်နယ်ဥပဒေချုပ် ဦးလှသိန်းက နိရဥ္စရာကိုပြောသည်။
“အရေးယူဖို့ရှိတယ်။ လောလောဆယ် ဘယ်နေ့စမလဲဆိုတာ မပြောနိုင်သေးဘူး။ အရေးယူမယ်ဆိုတာ ဖမ်းဆီးတာမျိုးတွေတော့ မလုပ်ဘူး။ ကိုဗစ်အခြေအနေတွေအရ ကိုဗစ်ပိုးတွေ့လူတွေ ပြန်ရှိလာတော့ ကမ်းခြေမှာအပန်းဖြေနေတဲ့သူတစ်ယောက်ယောက် ပိုးတွေ့ခဲ့ရင် ကမ်းခြေကို ပိတ်သင့်ရင်လည်းပိတ်မှာ”ဟု ပြောသည်။
စစ်တွေတွင် ယခုရက်ပိုင်း ဘင်္ဂလားဒေ့ရှ်မှ နယ်စပ်ကုန်သွယ်ရေးမှပြန်ဝင်လာသည့်လှေသမားအချို့တွင် ကိုဗစ်ပိုးတွေ့ရှိခဲ့သလို စစ်တွေမှ လေကြောင်းဖြင့်သွားမည့်သူများကို စစ်ဆေးရာတွင်လည်း ပိုးတွေ့သူများရှိနေသည်။
ယခုကဲ့သို့ ကိုဗစ်ပိုးတွေ့သူထပ်တိုးလာသည့်အတွက် ပွိုင့်ကမ်းခြေကို အတတ်နိုင်ဆုံးမလာသင့်ကြောင်း၊ လာရောက်လည်ပတ်မည်ဆိုပါက နှာခေါင်းစည်းများတပ်ခြင်း၊ စည်းကမ်းနှင့်အညီလာရောက်သင့်သည်ဟု စစ်တွေမြို့မှ လူငယ်တစ်ဦးဖြစ်သူ ကိုကျော်ကျော်ထွန်းက ပြောသည်။
“ကိုဗစ်ပိုးတွေ့သူတွေ ပြန်များလာတော့ စည်းကမ်းနဲ့လာရင်ပိုကောင်းပါတယ်။ အခုအခြေအနေအရဆိုရင် မလာတာအကောင်းဆုံးပါပဲ”ဟုပြောသည်။
ပွိုင့်ကမ်းခြေသို့ လာရောက်အပန်းဖြေသူများအနေဖြင့် ကိုဗစ်စည်းကမ်းချက်များကိုမလိုက်နာပါက အရေးယူသွားရန် ပြီးခဲ့သည် နိုဝင်ဘာ ၃ဝ ရက်က ပြည်နယ်ကောင်စီဝန်ကြီးချုပ်နှင့် ဝန်ကြီးများအပါအဝင် နပခ တိုင်းမှူးတို့ပြုလုပ်သည့် အစည်းအဝေးတွင် ဆုံးဖြတ်ခဲ့ကြခြင်းဖြစ်သည်။
ပွိုင့်ကမ်းခြေကို ကိုဗစ်တတိယလှိုင်းအတွင်း ဇူလိုင်လမှ စတင်ကာပိတ်ထားခဲ့ရာ ကိုဗစ်ကူးစက်မှုလျော့နည်းလာ၍ ပြီးခဲ့သည့် အောက်တိုဘာ ၁၁ ရက်တွင် ပြန်လည်ဖွင့်လှစ်ပေးခဲ့ကြောင်း သိရသည်။
လက်ရှိ ရခိုင်တွင် ဒီဇင်ဘာလ ၁ ရက်အထိ ကိုဗစ်ပိုးတွေ့သူ ၅,၁၇၉ ဦးနှင့် သေဆုံးသူ ၄၉၈ ဦးအထိရှိနေပြီဖြစ်ကြောင်း သိရသည်။

ဆက်စပ် သတင်းများ