ကြာသပတေး၊ မတ်လ ၂၈ရက်၊ ၂၀၂၄

စစ်တွေမြို့မစျေးအတွင်းရှိအမှိုက်များကို လာရောက်သိမ်းဆည်းမှုအားနည်း၍ မြင်မကောင်းအောင် ဖြစ်နေ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၀၃ ဒီဇင်ဘာ ၂၀၂၁
  • | ကြည့်ရှုသူ: 10.2k

ချစ်အိလှိုင်
နိရဥ္စရာ၊ ဒီဇင်ဘာ ၂/ ၂ဝ၂၁
ရခိုင်ပြည်နယ်၊ စစ်တွေမြို့၊ မြို့မစျေးကြီးအတွင်းရှိ အမှိုက်များကို လာရောက်သိမ်းဆည်းမှုအားနည်းသဖြင့် မြင်မကောင်းအောင်ဖြစ်နေကြောင်း စျေးသူ၊ စျေးသားများနှင့် စျေးဝယ်သူများထံမှ သိရသည်။
အဆိုပါစစ်တွေမြို့မစျေးကြီးရှိ စျေးဖောင်တော်အဆင်းလမ်းတွင် လမ်းမတလျှောက် အမှိုက်ပုံများမှာ လာရောက်သိမ်းဆည်းမှုမရှိသည့်အတွက် အနံ့အသက်များ ဆိုးဝါးစွာထွက်ပေါ်နေပြီး မြင်မကောင်းအောင် ညစ်ပတ်နေသည်ဟု စျေးသည်များက နိရဥ္စရာသတင်းဌာနအား ပြောသည်။
အမည်မဖော်လိုသူ စျေးသည်တစ်ဦးက “တစ်လတစ်ခါမပြောနဲ့။ ကျွန်တော်ဒီမှာရောင်းတာ ၂ နှစ်ဖြစ်တော့မယ်။ လာသိမ်းတာ တစ်ခါလောက်ပဲ မြင်ဖူးသေးတယ်။ စျေးဝယ်လာသူတွေက ကျွန်တော်တို့ ဒီလမ်းကတောင် မလာချင်ကြဘူးလို့ပြောတယ်။ အမှိုက်ပုံးလည်းမရှိဘူး။ ကျွန်တော်တို့က စနစ်တကျ အမှိုက်ပုံးတွေထားစေချင်တယ်” ဟုပြောသည်။
စျေးသူ၊ စျေးသားတို့အနေဖြင့် မြို့နယ်စည်ပင်သာယာအဖွဲ့မှ နေ့စဉ်ကြေးလာကောက်သူအား တစ်နေ့လျှင် ၅ဝဝ ကျပ်ပေးဆောင်ရသော်လည်း စျေးအတွင်း အမှိုက်များကို စနစ်တကျလာရောက်သိမ်းဆည်းခြင်းများ အားနည်းကြောင်း ပြောကြသည်။
စျေးလာဝယ်သူ စစ်တွေမြို့ခံ ဒေါ်ခင်သိန်းမြကလည်း “ အဲဒီ ကုတိုးဆိပ်ကိုဆင်းတဲ့လမ်းမှာ ခြေချစရာနေရာတောင်မရှိအောင် အမှိုက်တွေနဲ့ပွနေတာ ရွ့ံစရာကောင်းနေပါတယ်။ အမှန်ဆိုရင်သိမ်းဆည်းသင့်တာပေါ့” ဟု ပြောသည်။
ယခုကိစ္စနှင့်ပတ်သက်ပြီး စစ်တွေမြို့မစျေးကော်မတီဥက္ကဋ္ဌဦးအောင်သိန်းကျော်က အဆိုပါအမှိုက်များအား စည်ပင်ကိုတင်ပြလျှင် လာရောက်သိမ်းဆည်းပေးလေ့ရှိကြောင်း ပြောသည်။
“သူတို့က သိမ်းတော့သိမ်းတယ်။ ညနေပိုင်းဆိုရင်လေ။ သို့သော်လည်း မသိမ်းတဲ့နေ့လည်း ရှိချင်ရှိမလားမသိဘူး။ စုံစမ်းရမယ်အဲဒါကို။ စျေးကိုအဓိကစည်ပင်ကလုပ်နေတာကို ဦးလေးတို့က စည်ပင်ကိုပြောတယ်။ ဘယ်နေရာမှအမှိုက်တွေပွနေတယ်။ ဘယ်နေရာမှာ ရေမြောင်းဖောက်ရမယ်ဆိုတာကိုပေါ့” ဟုပြောသည်။
စျေးအတွင်း ရေမြောင်းအချို့မှာလည်း ပိတ်ဆို့လျက်ရှိနေပြီး ရေစီးရေလာမကောင်း၍ မိုးရာသီအတွင်း၌ ရေများပြည့်လျှံသည့်အတွက် စျေးရောင်းချသူများနှင့် ဝယ်ယူသူများ အခက်အခဲများရှိခဲ့ကြောင်း စျေးသည်များ၏ ပြောပြချက်အရ သိရသည်။
အဆိုပါကိစ္စနှင့်ပတ်သက်၍ စစ်တွေမြို့နယ်စည်ပင်အမှုဆောင်အရာရှိ ဒေါ်ခင်ခင်စိုးအား နိရဥ္စရာသတင်းဌာနက ဖုန်းဖြင့်ဆက်သွယ်ရာတွင် ဖုန်းမကိုင်သဖြင့် ၄င်းတို့၏ သဘောထားအမြင်အား တင်ပြနိုင်ခြင်းမရှိသေးပါ။

ဆက်စပ် သတင်းများ