ဗုဒ္ဓဟူး၊ ဧပြီလ ၂၄ရက်၊ ၂၀၂၄

အမ်းမြို့မှ နောက်ထပ်နေအိမ်များကို ဆက်ဖယ်ရှားရန် စကစအာဏာပိုင်တို့ ကြော်ငြာဆိုင်းဘုတ်ထောင်၍ သတိပေးချက်ထုတ်ပြန်


  • ရေးသူ: Web Master
  • | ရက်စွဲ: ၂၆ ဧပြီ ၂၀၂၂
  • | ကြည့်ရှုသူ: 6.2k

သဥ္ဇာနွယ်
နိရဥ္စရာ ၊ ဧပြီ ၂၅ /၂၀၂၂
စကစ၏ အနောက်ပိုင်းစစ်ဌာနချုပ်တည်ရှိရာ ရခိုင်ပြည်နယ် အမ်းမြို့မှ နေအိမ်အများအပြားကို ဧပြီ ၂၀ ရက်နေ့က စတင်ပြီး ဖြိုဖျက်ဖယ်ရှားနေပြီး နောက်ထပ်လည်း နေအိမ်များ၊ စျေးဆိုင်များကို ဖယ်ရှားသွားမည်ဟု အမ်းမြို့နယ်အာဏာပိုင်များက ကြော်ငြာဆိုင်းဘုတ်ထောင်၍ သတိပေးချက် ထုတ်ပြန်ထားကြောင်း သတင်းရရှိသည်။
နောက်ထပ် ဖယ်ရှားခံရမည့် နေအိမ်များမှာ အမ်းမြို့၊ လေယာဉ်ကွင်းရပ်ကွက်၊ အမ်းမြို့မ ရဲစခန်း(ဟောင်း) မြေပေါ်ရှိ စျေးဆိုင်ခန်းများ၊ အဆောက်အဦများ ဖြစ်ကြပြီး ၂၀၂၂ ခုနှစ် မေ ၂၁ ရက်နေ့တွင် အပြီးသတ်ဖယ်ရှားမည်ဟု ဆိုသည်။
မေလ ၂၁ နေ့ထိအပြီး သတ်မဖယ်ရှားပေးပါက ၁၉၉၅ ခုနှစ်၊အစိုးရအိမ် ဥပစာ (နှင်ထုတ်ခြင်း) အက်ဥပဒေနှင့်အညီဖယ်ရှားပေးသည်အထိ ဆက်လက် ဆောင်ရွက်သွားမည်ဟု အမ်းမြို့နယ် ရဲတပ်ဖွဲ့မှူး (အခွင့်အာဏာပိုင်)က ကြော်ငြာဆိုင်းဘုတ်ထောင်ကာ သတိပေးချက် ထုတ်ပြန်ထားသည်။
၎င်းအပြင် အမ်းမြို့ လေယာဉ်ကွင်းအနီးရှိ အိမ်ခြေ ၂၀၀ ခန့်ကိုလည်း မေလအတွင်း ဖယ်ရှားမည်ဟု သိရကြောင်း ဒေသခံတစ်ဦးက ပြောကြားသည်။
လွန်ခဲ့သည့် ဧပြီ ၂၀ ရက်နေ့ကလည် စစ်တပ်ပိုင်မြေပေါ် ကျူးကျော် နေထိုင်သည်ဟု ဟုဆိုကာ နေအိမ် အများအပြား ဖြိုဖျက် ဖယ်ရှားခံရပြီး လက်ရှိတွင် လူပေါင်း ရာနှင့်ချီ၍ အိုးမဲ့အိမ်မဲ့ဖြစ်နေကြောင်း ဒေသခံများက ပြောသည်။
ဧပြီ ၂၀ ရက်နေ့က ဖြိုဖျက်ခံရသည့် အထဲတွင် အမ်းမြို့နယ်၊ နတ်စင်ကုန်းရွာမှ နေအိမ်အလုံး ၂ ၄ လုံး၊ ပရဟိတစာသင်ဆောင် ၁ ဆောင်၊ တောင်ကုတ်-မအီလမ်းဆုံရှိ ဆိုင်ခန်းအချို့တို့ ပါဝင်ပြီး လက်ရှိတွင် လေယာဉ်ကွင်းရပ်ကွက်မှ ရဲစခန်း၊မယက ၊ လဝက အနီးအနားရှိ နေအိမ်များကိုလည်း ဖယ်ရှားနေကြောင်း သိရသည်။
ဆိုင်ခန်းဖယ်ရှားခံလိုက်ရသူတစ်ဦးက " တောင်ကုန်းပေါ် အိမ်ဆောက်ပြီးနေတဲ့ သူတွေရဲ့ နေအိမ်တွေ ဖြိုခံလိုက်ရတော့ ဟိုအိမ်မှာကပ်နေ ဒီအိမ်မှာ ကပ်နေနေကြရတာတွေရှိတယ်။ သူတို့က တောတောင် တွေကို မှီခိုပြီး လုပ်ကိုင် စားသောက်ကြတာ။ ပြောရမယ်ဆိုရင် စစ်တပ်နဲ့ ခရိုနီတို့ ပေါင်းပြီး လုပ်စားကြတာ။ အရင်ကလည်း စစ်တပ်ပိုင်မြေဆိုပြီး သိမ်းသွားတာတွေရှိတယ်။ ပြည်သူတွေ လုပ်ကိုင်စားသောက်တဲ့ နေရာတွေကို သူတို့မြေဆိုပြီး သိမ်းတာ။ ကျေတော့မကျေနပ်ဘူးပေါ့"ဟု ပြောသည်။
လက်ရှိတွင် အမ်းမြို့ရှိ ရဲစခန်း၊မယကနှင့်လဝက အနီးရှိ နေအိမ်များလည်း ဖြိုဖျက်ခံနေရပြီး နေစရာ နေရာမရှိသဖြင့် အနောက်ပိုင်း တိုင်းမှူးထံ အသနားခံရာမှ အောက်ရွာသင်္ချိုင်းအနီးအနား မြေပေါ်တွင် အစားထိုး နေရာချပေးရန်စီစဥ်နေသည်ဟု ဒေသခံတစ်ဦးက ပြောသည်။
" ကျူးတွေအတွက်ဆိုပြီး အစားထိုးနေရာချပေးတာတော့မရှိဘူး။ ဒါပေမယ့် တိုင်းမှူးက ကျမတို့ကို ပြောတယ်၊ သနားလို့ ကြိုးစားပြီး အစားထိုးနေရာ ချပေးမယ်လို့ ပြောတယ်။ ကျမတို့ ရဲစခန်း မယက အနီးနားက လူတွေအတွက် နေရာချပေးတာ။ ကျန်တဲ့သူတွေကိုတော့ မသိပါဘူး"ဟု ပြောသည်။
အဆိုပါ နေအိမ်များ ဖြိုဖျက်ခံရသည့် ကိစ္စနှင့် ပတ်သက်ပြီး လူမှုရေး လှုပ်ရှား ဆောင်ရွက်သူ အမ်းဒေသခံကိုမျိုးလွင်က " တကယ်လို့သာ ဒါတွေကို မပြောပဲထားလိုက်မယ်ဆိုရင် သူတို့ တခြားနေရာတွေကိုပါ ဖြိုဖျက်မယ့် သဘောရှိတယ်။ ဖြိုဖျက်ခံလိုက်ရတဲ့သူတွေကပဲ ဒုက္ခ ရောက်ရတယ်။ သူတို့လုံခြုံရေးအတွက် ဒီလို လုပ်တာထင်တယ်။ ဒါပေမယ့် လူတွေကတော့ နေစရာမရှိတဲ့ ဘ၀နဲ့ အိုးမဲ့အိမ်မဲ့ ဖြစ်ကုန်ကြပြီ"ဟုပြောသည်။
ယခုကဲ့သို့ အရပ်သား နေအိမ်များကို ဖြိုဖျက်ခြင်းမှာ ၎င်းမြေမှာ စစ်တပ်ပိုင် မြေဖြစ်သည်ဟု ပြောဆိုပြီး ၎င်းမြေပေါ်တွင် စစ်တပ် ဝန်ထမ်းမိသားစု နေထိုင်ရန် တိုက်ခန်းဆောက်ရန် အတွက်ဖြစ်သည်ဟု သိရကြောင်း ဒေသခံများက ပြောသည်။
အဆိုပါကိစ္စနှင့်ပတ်သက်ပြီး အသေးစိတ် သိလိုသဖြင့် အမ်းမြို့နယ် အုပ်ချုပ်ရေးမှူး ဦးဌေးအောင်ကို နိရဉ္စရာသတင်းဌာနကဖုန်းဖြင့် ဆက်သွယ် မေးမြန်းရာ ဖြေဆိုရန် မအားသေးကြောင်း ပြောဆိုသည်။

ဆက်စပ် သတင်းများ