ကြာသပတေး၊ ဧပြီလ ၂၅ရက်၊ ၂၀၂၄

အိမ်ဖြိုဖျက်ခံလိုက်ရသော အမ်းမြို့မှအိမ်ထောင်စု ၁၀၀ ကျော် ကူညီမည့်သူမရှိ၍အခက်ခဲဖြစ်နေ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၀၈ မေ ၂၀၂၂
  • | ကြည့်ရှုသူ: 1.7k

နိရဥ္စရာ ၊ မေ ၈ /၂၀၂၂
ရခိုင်ပြည်နယ်၊ အမ်းမြို့မှ အိမ်များဖြိုဖျက်လိုက်ရသော အိမ်ထောင်စု ၁၀၀ ကျော်အတွက် ကူညီမည့်သူမရှိ၍ စားဝတ်နေရေး အခက်ခဲဖြစ်နေကြောင်း ဒေသခံများကပြောသည်။
အမ်းမြို့တွင် စစ်တပ်ပိုင်မြေဟုဆိုကာ အောက်ရွာ၊ နတ်စင်ကုန်း၊ အမ်း-မအီကားလမ်းအနီးနားရှိ ဆီဆိုင်ကုန်းမှ ဆိုင်ခန်းများ အပါအဝင် အိမ်ခြေ ၃၀၀ ကျော်ကို စစ်တပ်အာဏာပိုင်တို့က ဖြိုဖျက် ပြောင်းရွှေ့ရန် အမိန့် ထုတ်ခဲ့ပြီးနောက် အိမ်ထောင်စုအများအပြားသည် အိုးအိမ်များကို ဖြိုဖျက်ကာ ပြောင်းရွှေ့ခဲ့ကြရသည်။
လက်ရှိဖြိုဖျက်ထားသော အိမ်ထောင်စုများအထဲက ၁၀၀ ကျော်မှာ ကူညီ ထောက်ပံ့မည့် အဖွဲ့အစည်းများမရှိ၍ စားဝတ်နေရေး အခက်အခဲ ဖြစ်နေကြသည်ဟု အမ်းဒေသခံ လူမှုရေး လှုပ်ရှားသူ ကိုမျိုးလွင်က နိရဥ္စရာ သတင်းဌာနကို ပြောသည်။
" လက်ရှိစာရင်းကောက်ထားတာထိတော့ အိမ်ခြေ ၁၀၀ ကျော် အိုးမဲ့ အိမ်မဲ့ဖြစ်နေတယ်။ သူတို့ကို အစိုးရကမကူညီဘဲ ဥပေက္ခာ ပြုထားသလို တစ်ဖက်မှာလည်း တခြားအရပ်ဖက်အဖွဲ့အစည်းတွေ ကူညီမယ့်သူ တစ်ယောက်မှ မရှိဖြစ်နေတယ်။ သူတို့အရမ်း အခက်ခဲဖြစ်နေကြတယ်" ဟု ပြောသည်။
စားဝတ်နေရေး အခက်အခဲနေသဖြင့် ကူညီပေးမည့် အလှူရှင်များကို မျှော်လင့်နေသည်ဟု အမ်းမြို့မှ နေအိမ်ဖြိုဖျက်လိုက်ရသူ ဒေသခံတစ်ဦးက ပြောသည်။
" နေတာလည်းကြာပြီ။ ခုလိုကိုယ့်အိမ်ကိုဖြိုဖျက်ရတဲ့အတွက် နေစရာမဲ့ ဖြစ်သွားပြီး အကူညီ မဲ့သွားတယ်။ ကုန်စျေးနူန်းတွေကလည်း အခုက အရမ်းကြီးတော့ ကိုယ့်ဘ၀ကိုယ် ပြန်လည် ထူထောင်ဖို့ တော်တော် ရုန်းကန်နေကြရပါတယ်။ မိသားစုတိုင်းလိုလိုပါဘဲ။ ကူညီပေးမယ့်သူတွေ၊ အလှူရှင်တွေကို မျှော်လင့်နေပါတယ်" ဟုပြောသည်။
စစ်အာဏာသိမ်းပြီးနောက်ပိုင်း ၂၀၂၁နောက်ပိုင်းမှစတင်ကာ ပြည်သူများ၏ စီးပွားရေး၊ စားဝတ်နေရေး၊ ကိုဗစ်ကာလကြောင့် အကျပ်အတည်းဖြစ်ပြီး အလုပ်အကိုင်ရှားပါးနေချိန်တွင် ပြည်သူများကို နေရာစရာ နေရာ တစ်စုံတစ်ရာ ဖန်တီးပေးခြင်း မရှိဘဲ အိုးမဲ့အိမ်မဲ့ ဖြစ်အောင် ပြုလုပ်ခြင်း အတွက် များစွာစိတ်မကောင် ဖြစ်ရကြောင်း ကိုမျိုးလွင်ကဆက်ပြောသည်။
" ပြည်သူတွေအခက်ခဲအကျပ်တည်းဖြစ်နေချိန်မှာ အိုးမဲ့အိမ်မဲ့ ဖြစ်အောင် ဖန်တီးလိုက်တာက ပြည်သူတွေကို ဒီမြေပေါ် မနေစေချင်တဲ့သဘောပါဘဲ။ အထူးစိတ်မကောင်း ဖြစ်ကြရပါတယ်" ဟုပြောသည်။
လက်ရှိတွင်လည်း အမ်းမြို့နယ်မှ လေယာဥ်ကွင်းရပ်ကွက်၊ ဌာနဆိုင်ရာ ရုံးဟောင်းမြေနေရာများကို မေလ ၂၁ ရက်နေ့နောက်ဆုံးထား ဖြိုဖျက် ခိုင်းထားသည်ဟု သိရသည်။
မေလ ၂၁ ရက်နေ့ နောက်ဆုံးထားဖြိုဖျက်မပေးပါက ၁၉၉၅ခု နှစ် ၊ အစိုးရဥပစာ(နှင်ထုတ်ခြင်း)၊ အက်ဥပဒေနှင့် အညီဖယ်ရှားပေးသည်အထိ ဆက်လက်ဆောင်ရွက်သွားမည်ဟု အမ်းမြို့နယ် ရဲတပ်ဖွဲ့မှူး( အခွင့်အာဏာပိုင်)က ကြော်ငြာဆိုင်းဘုတ်ထောင်ကာ သတိပေးစာ ထုတ်ပြန်ထားသည်။ ( NN-9)

ဆက်စပ် သတင်းများ