ဗုဒ္ဓဟူး၊ ဧပြီလ ၂၄ရက်၊ ၂၀၂၄

ရန်ကုန်-စစ်တွေကားလမ်းပေါ်ရှိ မြောက်ဦးအဝင် တပ်ရင်း ၅၄၀ ဂိတ်ဖွင့်ချိန်နောက်ကျမှုကြောင့် ပြည်သူများအခက်ခဲနှင့်ကြုံနေရ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၁၁ မေ ၂၀၂၂
  • | ကြည့်ရှုသူ: 1.5k

နိရဥ္စရာ ၊ မေ ၁၁ / ၂၀၂၂
ရန်ကုန်-စစ်တွေ ကားလမ်းပေါ်ရှိ မြောက်ဦးမြို့ အဝင် တပ်ရင်း ၅၄၀ ဂိတ်ဖွင့်ချိန်နောက်ကျမှုကြောင့် ခရီးသွားလာသူများ၊ စျေးဝယ်စျေးရောင်းသူများ အထူးအခက်အခဲများနှင့် ရင်ဆိုင်နေကြရသည်ဟု ဒေသခံများက ပြောကြားသည်။
ရခိုင်တွင် တိုက်ပွဲဖြစ်ပွားမှုလည်း မရှိတော့သလို နယ်မြေအခြေအနေလည်း တည်ငြိမ်နေသည်မှာလည်း တစ်နှစ်ကျော်ရှိလာနေပြီဖြစ်သဖြင့် ယခုကဲ့သို့ စစ်တပ်ဂိတ်ကို ည ၆ နာရီမှ မနက် ၆ နာရီထိ ပိတ်ထားခြင်းမှာ မဖြစ်သင့်တော့ကြောင်း မြောက်ဦး မြို့မိမြို့ဖတစ်ဦးဖြစ်သူ ဦးကျော်ကျော်က နိရဥ္စရာ သတင်းဌာနကိုပြောသည်။
" ဒီလို ဂိတ်ထားပြီး ဖွင့်ပိတ်လုပ်တာက ရခိုင်မှာ တိုက်ပွဲဖြစ်ပြီးကာလ နောက်ပိုင်းကတည်းက။ အခု ပြည်သူတွေ လွတ်လပ်စွာ ခရီးသွားခွင့်မရတဲ့ ဒီဒဏ်ကို ခံစားနေတာကြာပြီ။ သူတို့ဖွင့်ချင်တဲ့ အချိန်ဖွင့်၊ ပိတ်ချင်တဲ့ ချိန်ပိတ်တော့ နယ်ကနေ ဟင်းသီးဟင်းရွက်ရောင်းချတဲ့သူတွေ အချိန်မမှီလို့ ရောင်းသင့်သလောက် မရောင်းလိုက်ရတာတွေရှိတယ်။ ကျန်းမာရေးကြောင့် အရေးပေါ် လာတဲ့ ကားတွေဆိုလည်း သူတို့ဖွင့်ပေးတဲ့ချိန်မှသွားရတယ်။ ဒါဟာ မဖြစ်သင့်တဲ့လုပ်ရပ်ပဲ" ဟုပြောသည်။
၎င်းပြင် အဆိုပါ မြောက်ဦးမြို့ တပ်ရင်း ၅၄၀ ဂိတ်သည် ည ၆ နာရီမှ မနက် ၆ နာရီထိ ပိတ်ထားပြီး စတင်ဖွင့်သော အချိန် နံနက် ၆ နာရီမှာလည်း မိုးလင်း နေပြီဖြစ်သဖြင့် မြို့ကို ဝင်ခွင့်မရဘဲ ခရီးသွားပြည်သူများမှာ ဂိတ်ရှေ့တွင် စုပြုံစီတန်း စောင့်ဆိုင်းနေကြရသည်ဟု ဆိုသည်။
ယင်းကဲ့သို့ပြုလုပ်ခြင်းသည် ပြည်သူများကို ပုံစံတစ်မျိုးမျိုးဖြင့် နှိပ်စက်ခြင်းနှင့် တူသဖြင့် သက်ဆိုင်ရာ တာဝန်ရှိသူများအနေဖြင့် ယခုလုပ်ရပ်အပေါ် ပြန်လည် သုံးသပ်စစ်ဆေးသင့်သည်ဟု ဦးကျော်ကျော်က ပြောသည်။
" ဟိုဂိတ်ဆိုလည်း သူတို့ပိတ်ချင်သလိုပိတ်။ ဖွင့်ချင်သလိုဖွင့်နဲ့။ ဒါတွေဟာ ကိုယ့်ပြည်မှာ လွတ်လပ်စွာ သွားလာခွင့်မရဘဲ ပြည်သူတွေကို ပုံစံတစ်မျိုးမျိုးနဲ့ နှိပ်စက်တာနဲ့တူတူပဲ။ ပြည်သူစကားအရ ပြောရမယ်ဆိုရင် အကျဥ်း ချထားတာနဲ့ တူတူပဲ" ဟုပြောသည်။
ရက္ခိုင့်တပ်တော် (AA)နှင့် နားလည်မှုဖြင့် အပစ်အခတ်ရပ်ကာ ငြိမ်းချမ်းရေး ယူထားပြီး တစ်ဖက်တွင် ပြည်သူများကို ကန့်သတ်ပိတ်ပင်မူအမျိုးမျိုး ပြုလုပ်မှုများကို ရခိုင်ရှိ စစ်တပ်အနေဖြင့် မပြုလုပ်သင့်ကြောင်း မြောက်ဦး ဒေသခံတစ်ဦးက ပြောကြားသည်။
" အခုက ပိတ်တဲ့အချိန်နဲ့ ဖွင့်တဲ့ အချိန်ကို လျော့ချပေးစေချင်တယ်။ တစ်ခါ တစ်လေ ညဆိုရင် အရေးကြီးရင်လည်း သွားလို့ မရတော့ဘူး။ တခါတလေ သူတို့ကိစ္စတွေကြောင့် ဖွင့်ပေးတဲ့ခါရှိတယ်။ မဖွင့်ပေးတဲ့ ဟာမျိုးလည်းရှိတယ်။ ပုံမှန်တော့ မဟုတ်ဘူး။ ည ၆ နာရီ မြို့ကို မဝင်ရ၊ မထွက်ရ၊ မနက် ၆ နာရီမှ သွားလာခွင့်ပြုတယ်ဆိုတာကတော့ သိပ်ကို တင်းကျပ်လွန်းလှပါတယ်။ အခုက ရခိုင်မှာအားလုံး တည်ငြိမ် အေးချမ်းနေပြီလေ" ဟု ၎င်းက ဆက်လက် ပြောသည်။
အဆိုပါ ဂိတ်ဖွင့်ချိန်နှင့်ပိတ်ချိန်များကိုကန့်သတ်ထားသောကြောင့် ကားမောင်းသူလည်းအခက်ခဲရှိကာ စိတ်အနှောင့်အယှက်ဖြစ်ရပြီး ယင်းဂိတ်ကို ပုံမှန်အတိုင်းပြန်လည်ဖွင့်လှစ်စေချင်သည်ဟု မင်းပြား-မြောက်ဦးကို ပြေးဆွဲနေသောယာဥ်မောင်း ဦးအောင်လွင်စိုးကပြောသည်။
" ကျနော်တို့ အဲ့ဒီဂိတ်ပိတ်ချိန်ကို ဖွင့်ချိန်ကိုစိတ်ထဲမှာ မှတ်ပြီးမောင်းနေရတယ်။ နောက်ကျ သွားရင်လည်းဂိတ်ပိတ်မှာကိုစိုးရိမ်ရတယ်။ ကားကို အမြန် မောင်းရတယ်။ ဘုရားဖူးလာတဲ့ ခရီးသည်တွေပါရင် နေ့ချင်းပြန် မောင်းရတော့ အဆင်မပြေဘူး။ ဂိတ်ရောက်ရင် မှတ်ပုံတင်တွေ ဘာတွေ စစ်တာမျိုးတွေ ရှိတယ်။ ဖြစ်နိုင်ရင် ဂိတ်ကိုအရင်လိုမျိုး လွပ်လွပ်လပ်လပ် သွားခွင့် ရချင်တယ်"ဟု ပြောသည်။
အဆိုပါ ၅၄၀ တပ်ရင်းဂိတ်သည် မြောက်ဦးမြို့တောင်ဘက် အဝင်၀တွင် တည်ရှိပြီး အချက်အချာကျသည့် ကားလမ်းပေါ်တွင် တည်ရှိကြောင်း၊ ၎င်းတပ်ရင်းဂိတ်ကို ပြီးခဲ့သည့် ၂၀၂၀ ခုနှစ် ရက္ခိုင့်တပ်တော်နှင့် မြန်မာ စစ်တပ်တို့ တိုက်ပွဲဖြစ်ပွားပြီးနောက်ပိုင်းမှစ၍ မနက် ၆ နာရီမှစဖွင့်ကာ ညနေ ၆ နာရီဆိုလျှင်ပိတ်ထားကြောင်း ၎င်းက ပြောကြားသည်။
၎င်းအပြင် ကျောက်တော်ဘက်သို့ အထွက် မြောက်ဦးငွေတောင်ပေါက် စစ်တပ် ဂိတ်တွင်လည်း ယခုကဲ့သို့တင်းကြပ်မှုများရှိသည်ဟု ဒေသခံများကပြောသည်။(NN-9)
(ဓာတ်ပုံ- မြောက်ဦး ၅၄၀ ရှေ့ရှိ ဂိတ်မဖွင့်သေး၍ စောင့်ဆိုင်းနေရသူများကို တွေ့ရစဉ်)

ဆက်စပ် သတင်းများ