သောကြာ၊ မတ်လ ၂၉ရက်၊ ၂၀၂၄

ကျောက်တော်မှ တက်ကြွလှုပ်ရှားသူ ကိုဇော်ဝင်း အဖမ်းခံရ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၂၂ ဇွန် ၂၀၂၂
  • | ကြည့်ရှုသူ: 8.8k

နိရဥ္စရာ၊ ဇွန် ၂၁ /၂ဝ၂၂
ရခိုင်ပြည်နယ် ကျောက်တော်မြို့မှ တက်ကြွလှုပ်ရှားသူ ကိုဇော်ဝင်းသည် ယနေ့နံနက်တွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များ၏ဖမ်းဆီးခြင်းကို ခံလိုက်ရသည်ဟု သိရသည်။
အသက် ၄ဝ ကျော်အရွယ် ကိုဇော်ဝင်းကို စစ်ကောင်စီတပ်ဖွဲ့ဝင် အင်အား ၂ဝ ခန့်က ယနေ့ ဇွန်လ ၂၁ ရက် နံနက် ၁ဝ နာရီကျော်အချိန်တွင် ကျောက်တော်မြို့ ပြည်တော်သာရပ်ကွက်ရှိ သူ၏နေအိမ်အတွင်းမှ ဝင်ရောက်ဖမ်းဆီးသွားခြင်းဖြစ်သည်ဟု မြို့ခံများက ပြောသည်။
မြို့ခံတစ်ဦးက “ဒီကနေ့မနက်က သူ့အိမ်ထဲကနေ ဝင်ဖမ်းသွားတာ”ဟု ပြောသည်။
နောက်ထပ်မြို့ခံတစ်ဦးကလည်း ကိုဇော်ဝင်းဖမ်းဆီးခံရသည်မှာ ဟုတ်မှန်သည်ဟု ဆိုသည်။
ဖမ်းဆီးခံလိုက်ရသည့်ကိုဇော်ဝင်းသည် လူမှုရေးလုပ်ငန်းများတွင် တက်ကြွစွာပါဝင်ဆောင်ရွက်နေသူတစ်ဦးဖြစ်သည်။
ကျောက်တော်မြို့မရဲစခန်းတွင်တာဝန်ထမ်းဆောင်နေသည့် ရဲတပ်ဖွဲ့ဝင် ၃ ဦးကို ယမန်နေ့ ဇွန်လ ၂ဝ ရက် ညနေ ၆ နာရီခန့်က ကျောက်တော်မြို့ မြို့သစ်ရပ်ကွက်ရှိ ဘောလုံးကွင်းအနီးတွင် AA က ဖမ်းဆီးသွားပြီးနောက် ယမန်နေ့ညနှင့် ယနေ့နံနက်တွင် ကျောက်တော်မြို့ပေါ်၌ စစ်ဆေးမှုများကို တင်းတင်းကျပ်ကျပ်ဆောင်ရွက်နေသည်ဟု မြို့ခံများက ပြောသည်။
ယမန်နေ့ညက ကျောက်တော်မြို့ခံ ၄ ဦးဖမ်းဆီးခံထားရသည်ဟု သတင်းများထွက်ပေါ်နေသော်လည်း နိရဥ္စရာအနေဖြင့် သီးခြားအတည်ပြု၍မရခဲ့ပါ။ (NN-2)

ဆက်စပ် သတင်းများ