အင်္ဂါ၊ ဧပြီလ ၂၃ရက်၊ ၂၀၂၄

မြောက်ဦးတွင်သုံးဘီးမောင်းသူတစ်ဦးကို စစ်တပ်ကဖမ်းဆီးခေါ်ဆောင်သွားပြီးနောက်ပျောက်ဆုံးနေ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၂၄ ဇွန် ၂၀၂၂
  • | ကြည့်ရှုသူ: 4.8k

 

နိရဉ္စရာ၊ ဇွန် ၂၄/၂၀၂၂

 

ရခိုင်ပြည်နယ်မြောက်ဦးမြို့မှ သုံးဘီးမောင်းသူတစ်ဦးကို စစ်တပ်က ဖမ်းဆီးခေါ်ဆောင်သွားပြီးနောက် ပျောက်ဆုံးနေကြောင်း သတင်းရရှိသည်။

 

၎င်းသူမှာ မြောက်ဦးမြို့ ကျောက်ရာဇ်ကေရပ်ကွက်မှ ကိုကျော်ဝင်းလှိုင် (၃၂ နှစ်)ဖြစ်ပြီး ဇွန် ၂၂ ရက်နေ့ကတည်းက ဖမ်းဆီးခံရပြီး ပျောက်ဆုံးနေသည်ဟု ဇနီးဖြစ်သူ မလှလှမြင့်က ပြောသည်။

 

"သူကို ကားပေါ်မှာတင်ပြီး သုံးဘီးလေးပေါ်မှာ စစ်သားတချို့ ထိုင်လိုက်ပြီးတော့ တပ်ရင်း ၅၄၀ တပ်ထဲဝင်သွားတာ မြင်လိုက်သူတွေရှိတယ်။ ဒါနဲ့ ကျမတို့လည်း အဲဒီမှာ သွားစုံစမ်းပေမဲ့ စစ်သားတွေက မရှိဘူးလို့ပဲဖြေတယ်"ဟုပြောသည်။

 

ကိုကျော်ဝင်းလှိုင်သည်  ဇွန်လ ၂၂ ရက် နံနက် ၇ နာရီကျော် အချိန်တွင် တုတ်တုတ်(ခေါ်) အိန္ဒိယ သုံးဘီးမောင်းပြီး အိမ်မှ ထွက်သွားစဥ် မြောက်ဦးမြို့ နာရေးကူညီမှုရုံးအနီးရှိ စစ်ဆေးရေးဂိတ် အရောက်၌ ဖမ်းဆီးခေါ်ဆောင်ခံရခြင်းဖြစ်ကြောင်း မလှလှမြင့်က ဆက်လက် ပြောသည်။

 

ကိုကျော်ဝင်းလှိုင်သည် ၂၀၁၅ ခုနှစ်ခန့်တွင် အစာအိမ်အူတက်ကြောင့် ဗိုက်ခွဲထားရသူဖြစ်ပြီး လက်ရှိအချိန်အထိ အစာအများစားမိပါက ဗိုက်အောင့်တတ်သဖြင့် သူ့ကျန်းမာရေး စိုးရိမ်နေရသည်ဟု သိရသည်။

 

သူနှင့်ဆက်သွယ်ရရှိရန် မိသားစုများက လက်ရှိအချိန်အထိ ကြိုးစားနေသော်လည်း အဆက်အသွယ်မရဘဲ ပျောက်ဆုံးနေသည့် အတွက်  စိုးရိမ်နေမိသည်ဟု မလှလှမြင့်က ဆက်ပြောသည်။

 

"ကျမတို့က သုံးဘီးလေးမောင်းပြီး ရိုးရိုးသားသားလုပ်စားနေကြတာပါ။ ယောက်ျားတစ်ယောက်မရှိရင် သားသမီးရှေ့ရေးအတွက်၊ ပညာရေးအတွက် အားလုံး နစ်နာဆုံးရှုံးတယ်။ ဒါကြောင့် အမြန်ဆုံးလွှတ်ပေးစေချင်ပါတယ်။ ရိုက်ပုတ်ပြီး စစ်ဆေးမှာကိုလည်း စိုးရိမ်ပါတယ်"ဟု ဆိုသည်။

ကိုကျော်ဝင်းလှိုင်တွင် ဇနီးနှင့်အတူ ယခုနှစ်မှကျောင်းစထားရသည့် ၅ နှစ်အရွယ် သမီးလေး ၁ ဦးရှိသည်ဟု သိရသည်။

 

မြောက်ဦးတွင် ဇွန်လ ၂၁ ရက် ည ၈ နာရီခန့်က စရဖ ၃ ဦးကို AA က ဖမ်းဆီးသွားပြီးနောက် ယင်းနေ့ညနှင့် ဇွန်လ ၂၂ ရက်တို့တွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များက မြောက်ဦးမြို့အတွင်း အဖမ်းအဆီးအစစ်အဆေးတင်းကျပ်ခဲ့သည်ဟု မြို့ခံများက ပြောသည်။

 

(NN-2)

ဆက်စပ် သတင်းများ