သောကြာ၊ မတ်လ ၂၉ရက်၊ ၂၀၂၄

ကျောက်ဖြူမှ ဖမ်းဆီးခံလူငယ် ၂ ဦး စစ်ကောင်စီတပ်ဖွဲ့ဖမ်းဆီးခံရပြီးနောက် ပျောက်ဆုံးနေ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၂၇ ဇွန် ၂၀၂၂
  • | ကြည့်ရှုသူ: 2.9k

နိရဉ္စရာ၊ ဇွန် ၂၇/၂၀၂၂

ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့နယ် မူရွင်းကျေးရွာမှ လူငယ်နှစ်ဦးသည် ပြီးခဲ့သည့် ဇွန်လ ၂၄ ရက်က ဖမ်းဆီးခံရပြီးနောက်ပိုင်း အဆက်အသွယ်မရတော့ဘဲ ပျောက်ဆုံးနေသည့်အတွက်  သူတို့၏လုံခြုံရေးကို မိသားစုများက စိုးရိမ်နေကြသည်ဟု သိရသည်။

ဖမ်းဆီးခံထားရသည့်လူငယ်နှစ်ဦးမှာ ကျောက်ဖြူမြို့နယ် မူရွင်းကျေးရွာနေ ကိုစိုင်းဝဏ္ဏကျော် (၂၈ နှစ်)နှင့် ကိုထွန်းထွန်းဇော် (၂၀ နှစ်)တို့ဖြစ်ပြီး ၎င်းတို့နှစ်ဦးသည် ကျောက်ဖြူမြို့နယ်၊ မူရွင်းကျေးရွာတွင် ပန်းရံလုပ်ငန်းလုပ်ကိုင်နေကြသူဖြစ်ကြောင်း သိရသည်။

၎င်းတို့သည် ပြီးခဲ့သည့် ဇွန်လ ၂၄ ရက်က ကျောက်ဖြူမြို့နယ် ဇင်ချောင်းကျေးရွာသို့ လုပ်ငန်းသုံးပစ္စည်းဝယ်ရန်လာစဉ်တွင် ဇင်ချောင်းရဲစခန်းရှေ့ရှိ လုပ်ငန်းသုံးပစ္စည်းရောင်းသည့်ဆိုင်မှဝယ်အပြီး ယင်းအနီး ကွမ်းယာဆိုင်၌ ကွမ်းဝယ်စားနေစဉ် ရဲသား ၅ ဦးခန့်က မသင်္ကာ၍စစ်ဆေးမေးမြန်းစရာရှိသည်ဟုဆိုကာ ဇင်ချောင်းရဲစခန်းသို့ခေါ်ဆောင်သွားခြင်းဖြစ်ကြောင်း ၎င်းတို့နှင့်နီးစပ်သူတစ်ဦးက ပြောသည်။

ထို့နောက် ဇင်ချောင်းရဲစခန်း၌ ဇွန်လ ၂၅ ရက်နေ့၊ နံနက်ပိုင်းတွင် ၎င်းတို့နှစ်ဦးနှင့် မိသားစုဝင်များတွေ့ခွင့်ရရှိခဲ့သေးသည်ဟု ဆိုသည်။

ယင်းနေ့ညနေပိုင်းတွင် ကိုစိုင်းဝဏ္ဏကျော်၏အစ်ကိုက ရဲစခန်းသို့ ထမင်းပို့ရန်သွားစဉ် ၎င်းတို့နှစ်ဦးအား အဆိုပါရဲစခန်းမှ ကျောက်ဖြူမြို့ရှိ တပ်ရင်းတစ်ခုသို့ခေါ်ဆောင်သွားပြီဟု ဇင်ချောင်းရဲစခန်းက ပြောကြားလိုက်သည်ဟု သိရသည်။

၎င်းတို့နှင့်နီးစပ်သူတစ်ဦးက "၂၅ ရက်နေ့သွားတွေ့တုန်းကတော့ စစ်ဆေးစရာရှိလို့ ၂ ရက်၊ ၃ ရက်လောက် နေရဦးမယ်။ ပြီးရင် ပြန်လွှတ်ပေးမယ်လို့ပြောတယ်။ အဲနေ့ညနေထမင်းသွားပို့တော့ သူတို့အဲဒီမှာမရှိတော့ဘူး။ ကျောက်ဖြူက ဗျူဟာမှူးဆီကို ခေါ်သွားတယ်လို့ပြောတယ်" ဟုပြောသည်။

အဆိုပါလူငယ်နှစ်ဦးကို ကျောက်ဖြူမြို့သို့ စစ်ဆေးရန်ခေါ်ဆောင်သွားပြီးနောက်ပိုင်းတွင် မိသားစုနှင့် လုံးဝအဆက်အသွယ်မရ၍ ၎င်းတို့၏လုံခြံုရေးကို စိုးရိမ်ပူပန်နေကြကြောင်း နီးစပ်သူတစ်ဦးက ပြောသည်။

"သူတို့ရဲ့လုံခြံုရေးကိစ္စကို ပြည်သူတစ်ယောက်အနေနဲ့ ရွာသူရွာသားမိဘတွေအားလုံးက စိုးရိမ်နေကြတယ်။ အဓိက စစ်တွေ၊ မြောက်ဦးတို့မှာ ဖမ်းနေကြသလိုမျိုး လုံးဝအစအနမရောက်ဘဲ စစ်ဆေးခံရင်းနဲ့ တစ်ခုခုဖြစ်သွားမှာကို မိဘတွေက စိုးရိမ်နေကြပါတယ်" ဟုပြောသည်။

အဆိုပါလူငယ်နှစ်ဦးအနက် ကိုစိုင်းဝဏ္ဏကျော်သည် မူရွင်းကျေးရွာတွင် လူပျိုကာလသားခေါင်းဆောင်ဖြစ်ကာ သာရေး၊ နာရေးကိစ္စများတွင် ဦးဆောင်လုပ်ကိုင်နေသူတစ်ဦးဖြစ်ကာ ကိုထွန်းထွန်းဇော်မှာ ဆယ်တန်းအောင်၍ တက္ကသိုလ်တက်ရန် ပြင်ဆင်နေသူတစ်ဦးဖြစ်ကြောင်းလည်း သိရသည်။

ယခုရက်ပိုင်းအတွင်း ရခိုင်ရှိ ကျောက်တော်၊ မြောက်ဦး၊ ပုဏ္ဏားကျွန်းနှင့် စစ်တွေမြို့များတွင် စစ်ကောင်စီဘက်မှ အရပ်သားပြည်သူများကို ဖမ်းဆီးမှုများ များပြားလာနေပြီး အရပ်သားပြည်သူအနည်းဆုံး ၃၀ ကျော်ဖမ်းဆီးခံထားရနိုင်သည်ဟု လူ့အခွင့်အရေးလှုပ်ရှားသူများက ခန့်မှန်းပြောဆိုနေကြသည်။

ဇွန်လ ၁၆ ရက်မှ ယမန်နေ့ ဇွန်လ ၂၆ ရက်အထိ ၁ဝ ရက်အတွင်း စစ်ကောင်စီက ဖမ်းဆီးသွားသည့်အရပ်သား ပုဏ္ဏားကျွန်းမြို့တွင် ၈ ဦးနှင့် စစ်တွေမြို့တွင် ၂၁ ဦးရှိသည်ဟုလည်း ရက္ခိုင့်တပ်တော်(AA)ကလည်း ထုတ်ပြန်ထားသည်။

သူတို့အနက် ၁၈ နှစ်မပြည့်သေးသည့် လူငယ် ၄ ဦးနှင့် မူဆလင်အချို့လည်း ပါဝင်သည်ဟု ဆိုထားသည်။ (NN-8)

ဓာတ်ပုံ - ကျောက်ဖြူမှ ဖမ်းဆီးခံထားရသည့် ကိုစိုင်းဝဏ္ဏကျော်အား တွေ့ရစဉ်။

ဆက်စပ် သတင်းများ