ကြာသပတေး၊ ဧပြီလ ၂၅ရက်၊ ၂၀၂၄

ကျောက်တော်မှ လူမှုရေးတက်ကြွလှုပ်ရှားသူ ကိုဇော်ဝင်းကို မနက်ဖြန်ရုံးထုတ်မည်ဟု သတင်းထွက်နေ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၂၈ ဇွန် ၂၀၂၂
  • | ကြည့်ရှုသူ: 8.8k

နိရဥ္စရာ၊ ဇွန် ၂၇ / ၂ဝ၂၂
ရခိုင်ပြည်နယ် ကျောက်တော်မြို့တွင် ဖမ်းဆီးခံထားရသူများအနက် လူမှုရေးတက်ကြွလှုပ်ရှားသူ ကိုဇော်ဝင်းကို မနက်ဖြန် ရုံးထုတ်စစ်ဆေးမည်ဟု သတင်းများထွက်ပေါ်နေသည်ဟု မြို့ခံများက ပြောသည်။
ကိုဇော်ဝင်း (၄၃ နှစ်)ကို မနက်ဖြန် ဇွန်လ ၂၈ ရက်တွင် ရုံးထုတ်စစ်ဆေးမည်ဟု ဒေသခံများအကြား သတင်းများထွက်ပေါ်နေပြီး ကျောက်တော်တွင် ထုတ်မည်လား၊ စစ်တွေတွင်ထုတ်မည်လားဆိုသည်ကို မသိရသေးဟု မြို့ခံများက ပြောသည်။
ကျောက်တော်မြို့ခံတစ်ဦးက “ရုံးထုတ်မယ်လို့တော့ သတင်းတွေထွက်နေတယ်။ ဟိုတစ်နေ့ နေ့လယ် ၁ နာရီ ၁၅ မိနစ်လောက်ကလည်း ကျောက်တော်မှာ စစ်ရဟတ်ယာဉ်တစ်စီးဆိုက်ခဲ့ပြီး ၁ဝ မိနစ်လောက်အကြာမှာ ပြန်သွားတော့ သူ့ကို စစ်တွေကိုပဲ ခေါ်သွားလား မသိဘူး။ ဒါကြောင့် သူ့ကို ကျောက်တော်မှာထုတ်မှာလား။ စစ်တွေမှာ ထုတ်မှာလား။ အာမခံနဲ့ပဲပြန်လွှတ်မလား သေချာမသိရဘူး”ဟု ပြောသည်။
ကိုဇော်ဝင်းကို ရုံးထုတ်/မထုတ်ဆိုသည်ကို မိသားစုဝင်များအနေဖြင့် မသိရသေးဟု ဇနီးဖြစ်သူ ဒေါ်ခင်လှစံက နိရဥ္စရာကိုပြောသည်။
“မကြားမိသေးဘူး။ အဲဒါကို ကျမတို့လည်း မသိသေးဘူး။ ဟိုတစ်နေ့က မယကရုံးမှာရုံးထိုင်နေတဲ့ ဗိုလ်မှူးတစ်ယောက်ကို ဖုန်းဆက်မေးကြည့်တော့ ကျန်းကျန်းမာမာနဲ့ လုံလုံခြုံခြံုထိန်းသိမ်းထားတယ်လို့တော့ အဲလောက်ပဲ ပြောတယ်။ နေရာကိုလည်း မပြောဘူး။ တစ်ခုမှ မပြောဘူး”ဟု ပြောသည်။
ကိုဇော်ဝင်းတွင် အစာအိမ်ရောဂါရှိသည့်အတွက် သူ့ကျန်းမာရေးအခြေအနေကိုစိုးရိမ်၍ အထက်ပါဗိုလ်မှူးကို ဆက်လက်မေးမြန်းခဲ့ရာ ဆေးဝါးများစစ်ဆေးကာ လုံလုံခြံုခြံုအေးအေးချမ်းချမ်းထိန်းသိမ်းထား၍ ကြောင့်ကြစရာမလိုဟုဖြေဆိုခဲ့ကြောင်း ဒေါ်ခင်လှစံက ဆက်ပြောသည်။
ကိုဇော်ဝင်းကို ဇွန်လ ၂၁ ရက် နံနက်ပိုင်းတွင် ကျောက်တော်မြို့၊ ပြည်တော်သာရပ်ကွက်ရှိ သူ၏နေအိမ်တွင် မိသားစုနှင့် ထမင်းစားနေစဉ် စစ်ကောင်စီတပ်ဖွဲ့ဝင်များက ဖမ်းဆီးခေါ်ဆောင်သွားခဲ့ခြင်းဖြစ်သည်။
ကိုဇော်ဝင်းဖမ်းဆီးခံရသည့်နေ့တွင် ကျောက်တော်၌ အခြား အရပ်သား ၃ဝ ဦးထက်မနည်း ဖမ်းဆီးခံခဲ့ရသေးသည်ဟုလည်း မြို့ခံများက ပြောသည်။
ယင်းအနက် အမျိုးသမီး ၄ ဦးကိုသာ နောက်တစ်နေ့မနက်တွင် ပြန်လွှတ်ပေးခဲ့ပြီး အခြားသူများမှာ ယနေ့အထိ လွတ်မြောက်မှုမရှိသေးသလို မိသားစုနှင့်လည်း အဆက်အသွယ်မရကြသေးဟု သိရသည်။
ယခုကဲ့သို့ ကိုဇော်ဝင်းအပါအဝင် အပြစ်မဲ့ပြည်သူများကို ဖမ်းဆီးပြီး ၂၄ နာရီအတွင်း ပြန်မလွှတ်ဘဲ မိသားစုနှင့်အဆက်အသွယ်ဖြတ်တောက်ကာ အမှုဖွင့်ရုံးတင်စစ်ဆေးခြင်းလည်းမရှိသည်မှာ ဖမ်းဆီးထားသူများအနေဖြင့် ဥပဒေကိုလေးစားလိုက်နာမှုမရှိဘဲ ဖောက်ဖျက်ကျူးလွန်ရာရောက်သည်ဟု ဝါရင့် ရခိုင့်နိုင်ငံရေးသမားလည်းဖြစ်၊ မြေပုံမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လည်းဖြစ်သည့် ဦးဖေသန်းက သုံးသပ်ပြောဆိုသည်။
“ဒါဟာ ဥပဒေကို မလေးမစား မလိုက်နာရာရောက်တယ်ပေါ့။ လူ့အခွင့်အရေးတွေကို ချိုးဖောက်ရာလည်း ဖြစ်တယ်။ ဒီအစဉ်အလာမျိုးကို၊ ဒီလုပ်ရပ်မျိုးကို၊ ဥပဒေမဲ့လုပ်ရပ်မျိုးကို ချိုးဖောက်နေတာတွေကို ဟန့်တားဖို့ဆိုတာက အစိုးရလို့ ခံယူထားတဲ့ စစ်တပ်ကိုယ်တိုင်သာဖြစ်တယ်။ အဲလိုမဟုတ်ရင်တော့ ဥပဒေပြုသူဟာ ဥပဒေကို ဖောက်ဖျက်သူဖြစ်နေတယ်လို့ပဲ ပြောချင်တယ်”ဟု ပြောသည်။
ရခိုင်တွင် ဇွန်လ ၁၁ ရက်နောက်ပိုင်းမှစတင်ကာ ကျောက်တော်၊ ပုဏ္ဏားကျွန်း၊ မြောက်ဦး၊ စစ်တွေနှင့် ရမ်းဗြဲမြို့နယ် ကျောက်နီမော်ဒေသတို့တွင် အရပ်သားများကို စစ်ကောင်စီက ဖမ်းဆီးနေမှုများရှိနေသည်ဟု သိရသည်။
ယင်းအနက် စစ်တွေတွင် ၂၁ ဦးနှင့် ပုဏ္ဏားကျွန်းတွင် ၈ ဦးဖမ်းဆီးခံထားရသည်ဟု ရက္ခိုင့်တပ်တော်(AA)က ထုတ်ပြန်ထားပြီး အခြားမြို့များတွင် ဖမ်းဆီးခံစာရင်းကို ထုတ်ပြန်ခြင်းမရှိသေးပါ။ (NN-2)

ဆက်စပ် သတင်းများ