ကြာသပတေး၊ ဧပြီလ ၂၅ရက်၊ ၂၀၂၄

စစ်တွေတွင် ဖမ်းဆီးခံရသူများအနက် ၁ ဦး ထပ်မံလွတ်မြောက်၊ စုစုပေါင်းလွတ်မြောက်လာသူ ၉ ဦးအထိရှိလာ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၀၃ ဇူလိုင် ၂၀၂၂
  • | ကြည့်ရှုသူ: 7.1k

နိရဥ္စရာ၊ ဇူလိုင် ၁/၂ဝ၂၂
ရခိုင်ပြည်နယ် စစ်တွေမြို့တွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များထံဖမ်းဆီးခံရသူများအနက် ယမန်နေ့ညက ၁ ဦးလွတ်မြောက်လာသည့်အတွက် လက်ရှိတွင် စုစုပေါင်း လွတ်မြောက်လာသူ ၉ ဦးအထိရှိလာနေပြီဟု သိရသည်။
ယမန်နေ့ညက လွတ်မြောက်လာသူမှာ ဦးအောင်လှစိန် (၆၃ နှစ်)ဖြစ်ပြီး သူ့ကို ယမန်နေ့ ဇွန်လ ၃ဝ ရက် ည ၁၁ နာရီခန့်တွင် စရဖတပ်ဖွဲ့ဝင်များက မီးစက်လမ်းဆုံအနီး လွှတ်ပေးခဲ့ခြင်းဖြစ်သည်ဟု ရခိုင့်လူ့အခွင့်အရေးကာကွယ်မြှင့်တင်သူများအဖွဲ့ ဒါရိုက်တာ ဦးမြတ်ထွန်းက နိရဥ္စရာကိုပြောသည်။
“သူ့ကို မနေ့ညက မီးစက်လမ်းဆုံနားမှာ စရဖတွေက ချထားခဲ့တာလို့ သိရတယ်။ သူနဲ့အတူဖမ်းဆီးခံရပြီး ထောင် ၁ လချမှတ်ခဲ့လိုက်ရတဲ့ ဦးမောင်အေးရဲ့ဇနီးကလည်း ဦးအောင်လှစိန် မနေ့ညကလွတ်လာတာ ဟုတ်တယ်လို့ ပြောတယ်”ဟု ပြောသည်။
ယခုလွတ်မြောက်လာသည့် ဦးအောင်လှစိန်သည် တစ်ရပ်ကွက်တည်းနေ ဦးမောင်အေး (၅၂ နှစ်)နှင့် ဦးသိန်းရွှေ(၄၂ နှစ်)တို့နှင့်အတူ ဇွန်လ ၂၄ ရက်နေ့ ညနေ ရ နာရီခန့်တွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များထံ ဖမ်းဆီးခံလိုက်ရခြင်းဖြစ်သည်။
၄င်းတို့အနက် ဦးမောင်အေးနှင့် ဦးသိန်းရွှေတို့ ၂ ဦးသည် မိသားစုနှင့် ရ ရက် ကြာအဆက်အသွယ်မရဘဲဖြစ်နေခဲ့ပြီးနောက် မှောင်ရိပ်ခိုမှုဥပဒေပုဒ်မ ၆၁(ဂ)ဖြင့် ဇွန်လ ၃ဝ ရက်က စစ်တွေမြို့နယ်တရားရုံး၏ ထောင်ဒဏ် ၁ လချမှတ်ခြင်းကို ခံလိုက်ရသည်။
စစ်တွေတွင် ဇွန်လ ၂၃ ရက်တွင် စစ်ကောင်စီအရာရှိ ၁ ဦးနှင့် တပ်သား ၁ ဦးတို့ကို AA က ဖမ်းဆီးသွားပြီးနောက် စစ်ကောင်စီတပ်ဖွဲ့ဝင်များက ယင်းနေ့ညမှစတင်ကာ အရပ်သားများကို စတင်ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။
ဖမ်းဆီးခံရသည့် အရပ်သား ၂၁ ဦးအထိရှိခဲ့သည်ဟုလည်း AA က ဇွန်လ ၂၅ ရက်တွင်ထုတ်ပြန်ခဲ့သော်လည်း ယခုဓညဝတီ(က)ရပ်ကွက်မှ ဖမ်းဆီးခံရသူ ၃ ဦးနှင့် ဇွန်လ ၂၃ ရက် ညနေ၌ စစ်တွေ ကုန်တန်းရပ်ကွက်တွင်ဖမ်းဆီးခံလိုက်ရသည့် ပုဏ္ဏားကျွန်းမြို့နယ်၊ ပိုးရွှီကုန်းကျေးရွာမှ ပန်းရံအလုပ်သမား ကိုမောင်မောင်လင်း(၂၆ နှစ်)တို့ ပါဝင်မှုမရှိခဲ့ပါ။
လက်ရှိတွင် စစ်တွေ၌ ဖမ်းဆီးခံရသူများအနက် မူဆလင် ၄ ဦးနှင့် ရခိုင် ၅ ဦးအထိ လွတ်မြောက်လာခဲ့ပြီဟုလည်း သိရသည်။ (NN-2)
ဓာတ်ပုံ - ယမန်နေ့ညက လွတ်မြောက်လာသည့် ဦးအောင်လှစိန်အားတွေ့ရစဉ်။

ဆက်စပ် သတင်းများ